သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD (ကျားခေါင်း သို့မဟုတ် ဟိုဆေပါတီ ခေါ် အိုးစည် သို့မဟုတ် ကောင်တိုင်းပါတီ) အား ပါတီထောင် ခွင့်ကို နေပြည်တော် ရွေးကောက် ပွဲကော်မရှင်က ယမန်နေ့က ခွင့်ပြုလိုက်သည်ဟုဆိုသည်။
“မနေ့က မေလ ၈ ရက် နေ့ ပါတီတည်ထောင်ခွင့်ပြုကြောင်း နေပြည်တော်ရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ဆီကို အကြောင်းကြားစာ ပေးပို့လာပါတယ်” - ဟု ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီပြန်လည်တည်ထောင်ရန် မတ်ခ်ျ ၁၆ ရက်နေ့က နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ထံမှတ်ပုံတင် ထားခြင်းဖြစ်ပြီး ယမန်နေ့ မေလ ၈ ရက်နေ့ ရက်စွဲ ဖြင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်မှတ်ပုံတင် ခွင့်ပြုကြောင်း ရွေးကောက် ပွဲကော်မရှင်က အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။
“ပထမ ဆုံးတော့ တည်ထောင်ခွင့်တင်ထားတဲ့ အဖွဲ့ဝင် ၁၅ ဦး ကို ပြန်လည်ဖိတ်ခေါ်ပြီးတော့ အစည်းတရပ် ကျင်းပမယ်။ အဲဒီမှာ ပါတီ တည်ထောင်လိုသူများရဲ့ အဖွဲ့ခေါင်းဆောင် နံပါတ် (၁) နဲ့ (၂) ကိုရွေးချယ်ပါ မယ်။ ဒီခေါင်းဆောင် နှစ် ယောက် ကို ရွေးချယ် ပြီးရင် နေပြီတော်သွားပြီးတော့ လက်မှတ်ထိုးရမှာပေါ့၊ ဒုတိယ အဆင့်မှာတော့ ကျနော်တို့ ပါတီ ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ နောက်ပြီးတော့ အမှတ်တံဆိပ် (လိုဂို)၊ အလံ စသဖြင့် နမူနာယူပြီးတော့ နေပြည်တော် ကို ပြန်တင်ရပါမယ်” - ဟု စိုင်းလိတ်က ပြောပါသည်။
ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက်ထားသွားဖြစ်ကြောင်း၊ အနာဂတ် ပါတီအင်အားတောင့်တင်းရန် ခေတ်ပညာတတ် လူငယ်အင်အားများဖြင့် အထူးဖွဲ့စည်းထူထောင် သွားမည်ဖြစ် ကြောင်း ပါတီပြောရေး ဆိုခွင့်ကဆက်ပြောပါသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၁၉၉၀ ရွေးကောက်ပွဲက မဲဆန္ဒနယ် ၂၃ နေရာအနိုင်ရရှိ ခဲ့၏။ ၂၀၀၃ ခုနှစ်က စတင်ခဲ့သော အမျိုးသားညီလာခံတွင်ပါဝင်ခဲ့သော်လည်း တိုင်းရင်းသား တန်းတူရေး အား ဖွဲ့စည်း ပုံ၌ ထည့်သွင်းရေးသားထားခြင်းမရှိသောကြောင့် ၂၀၀၄ တွင် နှုတ်ထွက်ခဲ့သည်။ ၂၀၀၄- ၂၀၀၅ တွင် အစိုးရဘက်မှ ပြည်ထောင်စုမှခွဲထွက်လိုမှု၊ မတရားအသင်းအပင်း ဖွဲ့စည်း မှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့်အမှုပေါင်းများစွာဖြင့် စွပ်စွဲကာ ပါတီဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေး မှူး စိုင်းညွန့် လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အဆိုပါသျှမ်းခေါင်းဆောင်များပြန်လည်လွှတ်မြောက်လာပြီး နိုင်ငံရေး လောက အတွင်းတရားဝင်လှုပ်ရှားနိုင်ရန် ပါတီမှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။