ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပြည်နယ်အစိုးရရုံး အပါအဝင် ယာဉ်ထိန်းရဲရုံး ၊ ဆေးရုံ တည်ရှိရာ အရှေ့ဘက် ပန်းခြံ အနီးတွင် ယနေ့နံနက် ရ နာရီ ၂၀ မိနစ်ခန့်က ဗုံးတစ်လုံးကွဲခဲ့ရာ လူ ၃ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူ ၃ ဦးမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ပြီး မြစ်ကြီးနားမြို့ ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေ ကြောင်း မြစ်ကြီးနားမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မြစ်ကြီးနားဆေးရုံကြီး မျက်နှာစာအရှေ့ထောင့်လည်းကျတယ်၊ ပြည်နယ်အစိုးရရုံးရဲ့ထောင့်ဘက်လည်း ကျတယ်၊ ယာဉ်ထိန်းရဲရုံးလည်းရှိတယ်လေ ဗိုလ်ကတော် မျက်ခုံးပန်းခြံလေးတွေရှိတယ် အဲဒီအထဲက ကွဲတာလို့ ပြောတယ်၊ မြို့လည်ခေါင် လူစည်ကားတဲ့ နေရာတော့ မဟုတ်ဘူး တပ်ကုန်းဘက်ကျတာပေါ့၊ လမ်းသွားလမ်းလာ ၃ ယောက် လောက်ဒဏ်ရာရတယ်၊ သေတာတော့ မရှိဘူး ” ဟု သူက ဆိုသည်။
ယခုလ ၁၄ ရက်နေ့က ရထားသံလမ်း ဗုံးကွဲမှု အပါအဝင် မြစ်ကြီးနားမြို့၌ တစ်လအတွင်း နှစ်ကြိမ်မြောက် ဗုံးကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မည်သည့်အဖွဲ့က အဆိုပါဗုံးများ ဖေါက်ခွဲခဲ့သည်ကိုမူ အတိအကျ မသိရပေ။