စစ်တပ်မှ ထော်လာဂျီ၊ ကား ချောဆွဲမှုလျှော့ပေးရေး မြို့နယ်အုပ်ချုပ်ရေးမှူးမဆောင်ရွက်လျင် လွှတ်တော်ထဲထည့်သွင်းဆွေးနွေးမည်ဟု ကျားဖြူပါတီပြော

စစ်တပ်မှ ထော်လာဂျီ၊ ကား ချောဆွဲမှုလျှော့ပေးရေး မြို့နယ်အုပ်ချုပ်ရေးမှူးမဆောင်ရွက်လျင် လွှတ်တော်ထဲထည့်သွင်းဆွေးနွေးမည်ဟု ကျားဖြူပါတီပြော
by -
သျှမ်းသံတော်ဆင့်

ဒေသခံများ၏ ထော်လာဂျီ၊ ကားများအား စစ်တပ်မှ ဆင့်ခေါ်အသုံးပြုနေမှုကို လျှော့ပေးရန် သို့မဟုတ် တားမြစ်ပေးရန် ကျားဖြူပါတီ၏ လွှတ်တောအမတ်များက မြို့နယ်အုပ်ချုပ်ရေမှူးထံ သွားရောက်အကြောင်း ကြားကြောင်း သျှမ်းပြည် အလယ်ပိုင်းမှ ဒေသခံများက ပြောသည်။

“ တကယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက မဆောင်ရွက်ပေးရင် လွှတ်တော်ထဲမှာ သွားပြောမယ်လို့ ကျားဖြူအမတ် တွေ ကပြောတယ်” ဟု သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့သားတဦးကပြောသည်။

ယခုလ ၁၇ ရက်နှင့် ၁၈ ရက်က ကျေးသီးမြို့နှင့် မိုင်းနောင်မြို့နယ်ခွဲမှ ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ်အဖွဲ့   လွှတ်တော်အတွင်းမှ ဆွေးနွေးချက်များကို ဝမ့်စင်းအုပ်စု  ဒေသခံလူထုအား သွားရောက်ရှင်းလင်း ပြသရာ  စစ်တပ် အတွက် စတဲန်းဘိုင် (Standby)  သွားစောင့်ပေးရမှုများ  ရပ်တန့်ရန် တောင်းဆိုပေး စေလိုကြောင်း လူထုက ပြန်လည်ဆွေးနွေး တင်ပြခဲ့သည်ဟုဆို၏။

ကျေးသီးမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မှ လွှတ်တော်အမတ် စိုင်းဆန်လိုင်းဦးဆောင်သည့် မိုင်းနောင်မြို့နယ်ခွဲ မဲဆန္ဒနယ် အမှတ် ၂ မှ စိုင်းမွန်းလိုင်းနှင့်  ပြည်သူ့လွှတ်တော်အမတ် စိုင်းအွမ်ဆိုင်မိန်းတို့က အဆိုပါ ကား၊ ထော်လာဂျီ ချောဆွဲ မှုကို ရပ်တန့်အောင် ဆောင်ရွက်ပေးရန် မိုင်းနောင်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ထံ သွားရောက် တိုင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း ကျေးသီးဒေသခံ စိုင်းဆိုင်က ပြောသည်။

“ မိုင်းနောင်မြို့နယ်ခွဲ ဝမ့်စင်းအုပ်စု ခလရ ၂၈၇ လေ။ တနင်္လာနေ့ ပုံမှန်အစည်းအဝေးရှိတော့ ကားတွေ ထော်လာဂျီ တွေ ကို ချောဆွဲတော့တာ။ မိသားစုဝမ်းရေးအတွက်တောင် လုပ်ချိန်မရှိတော့လေ။  ရပ်ပေးစေချင်တယ်။ ဒီကိစ္စ အရင်ကတည်း က ရှိခဲ့တာ။ ဒါပေမယ့် မိုင်းနောင်က ကျားဖြူအမတ်တွေက ကျနော်တို့ကိုမပြောပေးဘူး။ အခု ကျေးသီး ကအမတ်ဆီမှာ ကျနော်တို့ တင်ပြထားတယ် ” ဟု ဝမ့်စင်းဒေသခံတဦးကပြောသည်။

၁၉ ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ဧပြီလ ၂၃ ရက်မွန်းလွဲပိုင်းက ဆက်လက်ကျင်းပခဲ့ ကြောင်း မြန်မာ့ အလင်း သတင်းစာ၌ ဖော်ပြထားသည်။

ထို့အပြင် မြို့အဝင်အထွက်ဂိတ်၌ ကားတစီး ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိကောက်ယူနေမှုကိုလျှော့ ပေးရန် လည်း တောင်းဆိုကြမည်ဟု မိုင်းနောင်မြို့နယ်ခွဲ ဒေသခံတဦးကပြောသည်။

မိုင်းနောင်မြို့ နှင့် ကျေးသီးမြို့သည် ၃၂ မိုင်ဝေးသည်။

Most read this week