အပစ်ရပ် SSPP/SSA အား အစိုးရတပ်ထိုးစစ်ဆင် ဒေသခံရာကျော်ထွက်ပြေးနေရ

အပစ်ရပ် SSPP/SSA အား အစိုးရတပ်ထိုးစစ်ဆင် ဒေသခံရာကျော်ထွက်ပြေးနေရ
by -
သျှမ်းသံတော်ဆင့်

ယခုနှစ်ဆန်းပိုင်းက အစိုးရနှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့ခေါ်  SSA /SSPP အား အစိုးရတပ်က လိုက်လံတိုက်ခိုက်နေသောကြောင့် ဒေသခံလူထုရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရပါသည်။

အစိုးရစစ်တပ်
“ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကတိုက်ပွဲတွေဖြစ်တယ်။ အခုထိလဲတိုက်ခိုက်မှု မကြာခဏဖြစ်နေတယ်။ ကျနော်သိတဲ့ စာရင်းအရဆို လူထု ၃၀၀ ထက်မနည်း တိမ်းရှောင်နေရတယ်” - ဟု သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် အမတ် စိုင်းဝင်းခိုင် က ပြောပါသည်။

မတ်ခ်ျ ၆ - ၈ ရက်နေ့အထိ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ၆ ရက်နေ့ ညနေ ၁၆:၃၀ နာရီအချိန် သိန္နီမြို့ ဟိုမင် ကောင်းလန်း ဘက် တိုက်ပွဲတွင် အစိုးရဘက် ရ ဦးသေ ရ ဦးဒဏ်ရာရရှိကြောင်း၊ ဟိုနောင် ကိန်းခမ်း တိုက်ပွဲတွင်မူ ည ၂၀:၀၀ နာရီတွင်ဖြစ်ပွားပြီး အစိုးရတပ်ဘက် ၁ ဦးသေ ၄ ဦးဒဏ်ရာရရှိကြောင်း၊ ထို့အတူ ယမန်နေ့ ည ၂၁:၀၀ - ၂၂:၀၀ နာရီအထိ ဟိုတုန့်၌ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရဘက် ၁၀ ဦးသေ ၂ ဦးဒဏ်ရာရှိကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်တွင် မိမိကိုယ်မိမိခုခံ ကာကွယ်ခြင်းသာ ဖြစ်ပြီး အစိုးရဘက်မှ ထိုးစစ်ဆင်တိုက်ခိုက် ခြင်းဖြစ်သောကြောင့် တဦးသာ ဒဏ်ရာရှိကြောင်း နှစ်ဘက်နှင့် နီးစပ်သည့်အသိုင်း အဝိုင်းကပြောပါသည်။

မတ်ခ်ျ ၂၃ - ၂၆ ရက် နေ့အထိ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း၌ ရောက်ရှိစခန်းချသော သျှမ်းတပ်ဖွဲ့အား အစိုးရတပ် မှ လိုက်လံတိုက်ခိုက်သောကြောင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ တိုင် တိုက်ပွဲငယ်များ သေနတ်သံများ ကြားနေ ရကြောင်း၊   သိန္နီမြို့ အနောက်ဘက် ၄ မိုင်အကွာ မိုင်းယန်း ကျေးရွာ အုပ်စုမှ အိမ်ခြေ ၆၀ ကျော် လူဦးရေ ၃၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ရာမှာ ယနေ့တိုင်အိမ်မပြန်နိုင်သေးကြောင်း ဒေသခံများကပြောပါသည်။

“မိုင်းယန်းကနေထွက်ပြေးလာတဲ့ရွာသားအများစုက ဝမ့်နောင်၊ ဝိန်းနန်း၊ ပန် လော့ နဲ့  သိန္နီမြို့  ရပ်ကွက် ၄ ဘက်ခိုလှုံနေတယ်။ အများအားဖြင့် ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေဘဲ” - ဟု သိန္နီမြို့ခံတဦးက ပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ စကခ ၁ မှူး ဗိုလ်မှူးကြီးထွန်းထွန်းညီက - “ဘယ်သူကဘဲ ငြိမ်းချမ်းရေးလုပ်နေလုပ်နေ ငါထိန်းချုပ်တဲ့ဒေသအတွင်း လက်နက်ကိုင်တိုင်းသားတပ်ဖွဲ့ရှိနေရင်တော့ တိုက်ခိုက်ရှင်းလင်းရမှာဘဲ”- ကပြောကြောင်း၊ ထို့ အပြင် သိန္နီမြို့နယ် ဟိုတုန့်ကျေးရွာအုပ်စု နောင်ဇွမ်၊ နားကေးကျေးရွာမှ အိမ် ခြေ ၂၀၀ ခန့် လည်း လားရှိုး - သိန္နီလမ်း (မူစယ် - လားရှိုး - မန္တလေး ပြည်ထောင်စု လမ်းမ အရှေ့ ဘက်ခြမ်းရှိ ) နမ့်အွန် - ဇံလောဝ်း ကျေးရွာအုပ်စုသို့ ပြောင်းရွှေ့ခိုင်းကြောင်း ကြားသိရပါသည်။

လက်ရှိတွင် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် စားဝတ်နေရေး ကူညီပံ့ပိုးပေးရန် ကျားဖြူပါတီ အနေ ဖြင့် ပြင်ဆင်နေကြောင်း၊ လွှတ်တော်အစည်းအဝေး ပြန်စပါက အဆိုပါကိစ္စအား လွှတ်တော်အတွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကျားဖြူအမတ် စိုင်းဝင်းခိုင်က ပြောပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးပန်ဖှ ဦးဆောင်သော သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ဂျန္နဝါရီလ ၂၈ ရက်က ပဏာမ အဆင့် အပစ်ရပ်ရေး အပါအဝင် ပြည်ထောင်စုအဆင့်ပါ သဘောတူလက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

Most read this week