သင်္ကြန်ကာလနောက်ပိုင်း အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့နှင့် စတုတ္ထ အကြိမ် တွေ့ဆုံပွဲ၌ သွင်းကုန်ထုတ်ကုန်ကိစ္စ UWSA ဘက်မှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။
“UWSA က အစိုးရနဲ့ အပစ်ရပ်တာ ရ လကျော်ပြီ။ အခုထိ ၀ ဒေသအတွက် သွင်းကုန်ထုတ်ကုန် နှောင့် နှေးနေတယ်။ မြန်မာအာဏာပိုင်တွေက ကြိုးနီစနစ်ကျင့်သုံးနေသေးတဲ့အတွက်ကြောင့်လို့ မြင်တယ်။ UN ရဲ့ World Food Program (ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်)က ဆန်တွေလာကူပေးမှာတောင် ဒီကြိုးနီစနစ် ကြီးရှိနေတုန်း။ ဒါကြောင့် ဒီကိစ္စဆွေးနွေးတင်ပြမယ်”ဟု ၀ အရာရှိနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
ကြိုးနီစနစ်ကိစ္စအပြင် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်အောင် လာရောက်ကူညီပေးသော UN အဖွဲ့ဝင်များအတွက် နေထိုင်ခွင့်သက်တမ်းတိုးပေးရန်နှင့် အစိုးရဘက်မှ စစ်တပ်တိုးချဲ့နေသည့် အကြောင်း လည်း ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“UN အဖွဲ့ဝင်တွေ ၁ လဘဲ နေလို့ရတယ်။ တလပြည့်တာနဲ့ visa သက်တမ်းသွားတိုးရတယ်။ ဒါကို ၀ ဘက်ကရော UN ကရော သဘောမကျဘူး။ အနည်းဆုံး ၃ လကနေ ၆ လထိ နေခွင့်ရအောင် သက်တမ်းတိုးပေးဖို့ပြောမယ်။ အပစ်ရပ်ပြီဆိုပေမဲ့ မြန်မာအစိုးရတပ်တွေက ၀ နယ်စပ်တလျောက်မှာ စစ်တပ်တွေ တိုးချဲ့တည်ဆောက်နေတုန်းဘဲ။ စစ်တပ်လျော့သွားတယ်ဆိုတာ မရှိဘူး။ ဒါကြောင့် နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွေ လျော့နည်းသွားနိုင်တယ်။ ဒီအကြောင်းကိုလဲ ဆွေးနွေးသွားမယ်။”
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က အစိုးရဖက်မှ ဦးအောင်သောင်း ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၁၁ စက်တင်ဘာ ၉ ရက်၌ ပထမအကြိမ်တွေ့ဆုံပြီး အပစ်ရပ် ရန် သဘောတူခဲ့ကြသည်။ အောက်တိုဘာ ၁ ရက် လားရှိုး၌ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ကြောင်း သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ဒီဇင်ဘာ ၂၆ ရက် UWSA ဌာနချုပ် ပန်ဆန်း၌ တတိယအကြိမ်တွေ့ဆုံပြီး လွှတ်တော်သုံးရပ်၌ ၀ ကိုယ်စားပြု လွှတ်တော် အမတ် ထားရှိရန် ဆက်လက်ဆွေးနွေးသွားမည့်အကြောင်း သဘောတူခဲ့ကြသည်။