အမှတ် ၃ အမျိုးသားလွှတ်တော် တန့်ယန်းမြို့နယ် မဲရုံ ၈ ခုထက်မနည်းပြောင်းရွှေ့

အမှတ် ၃ အမျိုးသားလွှတ်တော် တန့်ယန်းမြို့နယ် မဲရုံ ၈ ခုထက်မနည်းပြောင်းရွှေ့
by -
သျှမ်းသံတော်ဆင့်

မဲရုံမှူးလုံခြုံရေးအတွက် ရဲနှင့် စစ်သားများလုံခြုံရေးပို့မည့်အရေးလက်မခံသဖြင့် သျှမ်းပြည်တပ်မတော် SSPP/SSA က မိမိထိန်းချုပ်နယ်မြေအတွင်းရှိ အုပ်စု ၈ အုပ်စု မှ မဲရုံများအား ရုတ်တရက်ပြောင်းရွှေ့ခိုင်း ကြောင်း မဲဆန္ဒနယ်အမှတ် ၃ မှလာသောသတင်းရသိရသည်။

မဲရုံပြောင်းရွှေ့ခံရသော နေရာများပြမြေပုံ (ဓါတ်ပုံ- ကော့လီ)

“ ဒီကိစ္စ ၂၈ ရက်တုန်းက စသိတယ်။ အချိန်ကလဲ ကပ်နေပြီ။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလဲ သူတို့ဆန္ဒအတိုင်း လုပ်လိုက်ပါလို့ပြောလာတယ် ” ဟု တန့်ယန်းဒေသခံ ကျားဖြူပါတီဝင်တဦးက ပြောသည်။

တန့်ယန်းမြို့နယ် နမ့်လပ်အုပ်စု၊ ကောင်းလန်းအုပ်စု၊ ဝမ့်ပုံးအုပ်စု နှင့်တောင်ဟျိုးအုပ်စုတို့အား တန့်ယန်းမြို့ တောင်ဖက် ၃၅ မိုင်အကွာရှိ တောင်ဟျိုးအုပ်စု သို့လည်းကောင်း၊ ပန်ဖီ၊ နမ့်ဇိုင်၊ ကောင်းဟိုင၊ အုံတုံ အုပ်စု များအား တန့်ယန်းမြို့ အရှေ့ တောင်ဖက် ၃၈ မိုင်အကွာရှိ (မိုင်းရှူးမြို့နယ်အတွင်းပါဝင်သော) ဝမ့်လွယ်ရွာ သို့လည်းကောင်း မဲရုံရွှေ့လိုက်ပြီဖြစ်ကြောင်း ကျားဖြူပါတီဝင်စိုင်းထွန်းကပြောသည်။

SSPP/SSA ၏ တန့်ယန်းမြို့နယ်အုပ်ချုပ်ရေးမှူး စိုင်းဆိုင်က မဲရုံလုံခြုံရေးအတွက် အစိုးရ၏စစ်တပ်ဝင်ရောက် လာမည်ကို မလိုလားဟု မဲရုံရွေ့ပြောင်းကျင်းပပေးရန် ရွေးကောက်ပွဲ ကော်မရှင်ထံ အကြေားကြားသည်ဟု ဆိုသည်။

“SSPP/SSA ထိန်းချုပ်နယ်မြေထဲက ဒီအုပ်စု ၈ အုပ်စု ထဲက မဲရုံမှူးတွေ ရဲ့လုံခြုံရေးအတွက် တာဝန်ယူပေးနိုင်တယ်တဲ့။ ဒါပေမယ့် အစိုးရလက်နက်ကိုင်တပ်ဖွဲ့တွေဝင်လာရင်တော့ လက်မခံဘူးပေါ့။ သတိပေးထားတဲ့ကြားက ဝင်လာခဲ့မယ်ဆိုရင်တော့ ပစ်ရခတ်ရလိမ့်မယ်လို့ပြောတယ်” ဟုဆိုပါသည်။

၎င်းနှင့် ပတ်သက်၍ SSPP အထွေထွေ အတွင်းရေးမှူးချုပ်ရုံး တာဝန်ခံ ဗိုလ်ကြီးစိုင်းဆုက - ရွေးကောက်ပွဲကိစ္စ အတွက် ငြိုငြင်မှုမရှိ လုံခြုံမှုအတွက်လဲ တာဝန်ယူနိုင်ကြောင်း၊ သို့သော် လုံခြုံရေးအကြောင်းပြကာ မြန်မာ အစိုးရ၏ လက်နက်ကိုင် စစ်တပ်နှင့်ရဲများပို့လာသည်ကို လက်မခံနိုင်ကြောင်း ကော့လီမီဒီယာသို့ ပြောပြသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် အစိုးရက အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း သျှမ်းပြည်မြောက် ပိုင်း၌ ၂ ဦး ၂ ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေသေးသည်။

အမှတ် ၃ မဲဆန္ဒနယ်အတွင်းပါ တန့်ယန်းမြို့၌ မဲရုံမှူးများကလွဲ၍ လူထုအတွင်း၌ ၂၀၁၀ ကကဲ့သို့ ကြိုတင်မဲ ဆိုးဆိုးရွားရွား မရှိ။ သို့သော် တပ်တွင်းမဲပြားများကိုမူ ယုံကြည်၍မရကြောင်း၊ ဒေသခံကျေးလက်လူထုတချို့ မဲထည့်ရမည့်အရေး ယနေ့မှ သိသူများလည်းရှိကြောင်း၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် မဲပေးပိုင်ခွင့်ရှိသူများ စာရင်းမှာလည်း ပျောက်ရှမှုများပြားမည်ဟု ယုံကြည်ရကြောင်း၊ ထို့ကြောင့် ကြိုတင်မဲလိမ်လည်မှုမရှိပါက ယခုတကြိမ်လည်း ကျားဖြူပါတီက နိုင်မည်ဟု ယုံကြည်ရကြောင်း ကျားဖြူပါတီဝင် စိုင်းထွန်းထွန်းဝင်းက ပြောပါသည်။