သျှမ်း/မြောက် မဲဆန္ဒနယ် အမှတ် ၃ ၌ ဝန်ထမ်းများအားခွင့်ပေးပြီး ကြိုတင်မဲကောက်

သျှမ်း/မြောက် မဲဆန္ဒနယ် အမှတ် ၃ ၌ ဝန်ထမ်းများအားခွင့်ပေးပြီး ကြိုတင်မဲကောက်
by -
သျှမ်းသံတော်ဆင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြိုတင်မဲအား ၂ ရက်အလိုမှကောက်ရန် စည်းကမ်းချက်ထုတ်ထား သော်လည်း  လားရှိုး၌ ဝန်ထမ်းများအား ခွင့်ပေးပြီး တပတ်အလိုကတည်းက ကောက်ယူထားပြီးဖြစ်ကြောင်း မဲဆန္ဒနယ်အမှတ် ၃ ဒေသခံ များက ပြောသည်။

လားရှိုးမြို့မြင်ကွင်း (ဓါတ်ပုံ- Masterfile)
“အမှန်က ကြိုတင်မဲကို မတ်လ ၃၀ နဲ့ ၃၁ ရက်မှ ကောက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောထား တယ်။ ဒါပေမယ့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးသာဦးက တပတ်အလိုကတည်းက ကောက်နေတယ်။ ဝန်ထမ်းတွေကိုတောင် နားရက်ပေးပြီး ကြိုတင်မဲကောက်ယူတယ်” ဟု လားရှိုးမြို့ခံ စိုင်းလူက ပြောသည်။

မနက်ဖြန် ဧပြီလ ၁ ရက်၌ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်အမှတ် ၃ အမျိုးသား လွှတ်တော် လစ်လပ် နေရာအတွက် လားရှိုးမြို့၌ ကြိုတင်မဲအား တပတ်အလိုကတည်းက ကောက်ယူနေ သော်လည်း ၂၀၁၀ ရွေးကောက် ပွဲကဲ့သို့ မဆိုးဝါးကြောင်း၊ အချို့မြို့နယ်များ၌ မဲရုံလုံခြုံရေးအတွက် စစ်တပ်အား လုံခြုံရေးယူခိုင်းမည်ဆိုသည့်သတင်းများ ထွက်ပေါ် နေသည့်အပေါ် သီးခြားအတည်ပြုချက် မရသေးသည့်တိုင် မဲဆန္ဒရှင်များအတွက် အနှောင့်အယှက်ဖြစ်စေကြောင်း  မိမိဆန္ဒ အလျောက်မဲပေးနိုင်ရေး တက်ကြွလှုပ်ရှားသူ - ခေတ်ပညာတတ်လူငယ် စိုင်းလူက ဤကဲ့သို့ဆက်လက်ပြောပြသည်။

“ကျနော်တို့ ပြည်သူလူထုဆိုတာက မွေးကတည်းက အကြောက်တရားဖက်ပြီးမွေးလာတာမဟုတ်လား။ ခုလို လုပ်လိုက်ရင် အများအားဖြင့်တော့ မဲပေးမှုကိုထိခိုက်စေမှာအမှန်ဘဲ။ ကျေးလက်ဒေသခံတွေက ပြောရရင် မီဒီယာနဲ့ထိတွေ့မှုသိပ်မရှိ တော့ အဲဒီသတင်းတွေက စိတ်အနှောင့်အယှက်ဖြစ်တယ်ဗျာ့။ မြို့ပေါ်ကလူငယ်ထု တွေကတော့ မီဒီယာနဲ့ ထိတွေ့မှုရှိနေ ပြန်တော့လဲ တခါတလေ မီဒီယာနောက်၊ ပေါ်ပြူလာဖြစ်တဲ့ပါတီနောက် ယောင်ပြီးလိုက်တတ်ကြတယ်” ဟုပြောပါသည်။

ကျေးလက်များ၌ ကျားဖြူပါတီက စည်းရုံးရေးဆင်းထားသည်မှာ ကျေနပ်အားရဖွယ်ရှိသော်လည်း မြို့တွင်း၌မူ ပါတီကြီး ၄ ပါတီအပြိုင် ရှိနေကြောင်း စိုင်းလူက ဆက်လက်ပြောပြသည်။

ကျားဖြူပါတီအကြီးအကဲများ၏ ကြိုးစားမှုကြောင့် ဗိုလ်မွန်းထိန်းချုပ်နယ်မြေတွင်မူ ကြံ့ခိုင်ရေးပါတီအား မဲမထည့်ပါက ရွာမှ မောင်းထုတ်ခြင်းခံရမည်ဟူသော ဖိအားပေးမှု မရှိတော့သည့်အပြင် ကျားဖြူပါတီစည်းရုံး ရေးခရီးစဉ်၌ပါ ဝင်ရောက်ကူညီ ဆောင်ရွက်ပေးနေသည်ကိုတွေ့ရကြောင်း ကျားဖြူပါတီဝင်များ ကလည်း ပြောသည်။

တန့်ယန်းမြို့တွင်မူ မဲရုံတချို့ပြောင်းရွှေ့ခံရကာ တခြားအုပ်စုများနှင့်  သွားပေါင်းထည့်ရသည်ဟူသော သတင်းများထွက်ပေါ်နေသည်။

သိန္နီမြို့နယ်ဘက်တွင်လည်း စစ်မက်ဆိုင်ရာပဋိပက္ခများ ဆက်လက်ဖြစ်ပွါးနေပါက မဲရုံများအား စစ်အင်အားဖြင့် သွား ရောက် လုံခြုံရေး ယူပေးမည့်အနေအထားရှိကြောင်းု ရပ်ကွက်အကြီးအကဲများထံမှ ကြားသိရပြီးမဲပေး သည့် ရက်ကိုလည်း ရွှေ့ဆိုင်းရဖွယ် ရှိကြောင်း ကျားဖြူပါတီ ဝင်များကပြောသည်။

မဲဆန္ဒနယ်အမှတ် ၃ ၌ ပါဝင်သော လားရှိုးမြို့တွင် မဲပေးရုံ ၁၄၄ ရုံရှိကြောင်း သိရသည်။

Most read this week