မကြာမှီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ထားသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD (ဉက္ကဌ) ခွန်ထွန်းဦး၊ (အထွေထွေအတွင်းရေးမှူး) စိုင်းညွန့်လွင် တို့ အေးရှားဝင်း လေကြောင်းဖြင့် ယမန်နေ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ ရောက်ရှိကြောင်း သိရှိရပါသည်။
“မနေ့တုန်းက လားရှိုးကို ရောက်တယ်။ လားရှိုးတက္ကသိုလ်ကျောင်းသားလူငယ်တွေလဲ ခွန်ထွန်းဦးတို့ကို သွားတွေ့တယ်။ ဒီနေ့မနက်တော့ သျှမ်းပြည်မြောက်ပိုင်းက ပါတီဝင်ဟောင်းတချို့ နဲ့ ခဏ တွေ့ ဆုံတယ်” - လားရှိုး တက္ကသိုလ်ကျောင်းသားတဦးက ပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်း ပြည်သူ့စစ်ခေါင်းဆောင် ဦးကိုင်ဖ ကအမှူးပြုကာ လားရှိုးမြို့ ရပ်ကွက် ၁၀ ရှိ တောရ ကျောင်းဆောင်သစ် နှင့် မုခ်ဦးရေစက်ချပွဲ၊ ရှင်လောင်း ၁၀၈ ပါး ရှင်ပြုပွဲ တက်ရောက်ရန် နှင့် ရင်းနှီး သည့် မိတ်ဆွေများအား အလည်အပတ် ခရီးအတွက် လားရှိုးမြို့သို့ ခွန်ထွန်းဦး နှင့် စိုင်းညွန့်လွင် တို့ ရောက်ရှိခြင်း ဖြစ်သည်ဟု ဆို၏။ လားရှိုး၊ သိန္နီ၊ မူစယ် နမ့်ခမ်း မှ ပါတီ ဝင်ဟောင်းများလည်း လားရှိုးမြို့ ရပ်ကွက် ၉ ရှိ ဦးကိုင်ဖ နေအိမ်၌ သွားရောက်တွေ့ဆုံခြင်းဖြစ်သည်ဟုလည်းပြောပါသည်။
“စဝ်ကိုင်ဖ က အလှူဒါယကာကြီးလေ၊ ပွဲက ၂၅ ရက်နေ့က စတယ်။ ဒီနေ့ အလှူရေစက်ချမယ်။ အဲဒီပွဲကို ခွန်ထွန်းဦးနဲ့ SNLD အကြီးအကဲတွေလာတယ်ပြောတယ်။ ရှမ်းအဆိုတော် တချို့လဲ ခွန်ထွန်းဦးကို စဝ်ကိုင်ဖ အိမ်မှာ လာရောက်ဂါရဝ ပြုတာတွေ့ရတယ်” ဟု ခါးဟျိုးမှ တက္ကသိုလ်ကျောင်းသားတဦးက ပြောပါ သည်။
သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် သျှမ်းပြည်ဝန်ကြီးချုပ် စဝ်အောင်မြတ် နှင့် သျှမ်းပြည်ဝန်ကြီးများအဖွဲ့ အပြင်၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း နှင့် ဒုဥက္ကဌ စိုင်းဆောင်ဆီ တို့လည်း ရောက်ရှိနေပါသည်။
၂၀၀၅ ခုနှစ်မတိုင်မီက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် သျှမ်းပြည်ငြိမ်းချမ်းရေး ကောင်စီ (SSPC)တို့ပူးပေါင်းဖွဲ့စည်းသည့် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ကော်မတီ (SSJAC) မှာ ခွန်ထွန်းဦး က ဥက္ကဋ္ဌ၊ စိုင်းညွန့်လွင် က တွဲဖက်အတွင်းရေးမှူး (SSNA ခေါင်းဆောင် ဗိုလ်မှူးကြီး ကဏ်းယွက် ကွယ်လွန်ပြီး နောက် အတွင်းရေးမှူး) အဖြစ် ပါဝင်ခဲ့ဖူးသဖြင့် SSA ခေါင်းဆောင်ဟောင်းများနှင့် ရင်းနှီးသူများ ဖြစ်ကြကြောင်း သိရသည်။