သျှမ်းပြည် (မြောက်ပိုင်း) သိန္နီမြို့ - မူစယ်မြို့အသွား ပြည်ထောင်စုလမ်းမပေါ်ရှိ တံတားကြီးတစင်း နှင့် သိန္နီ - ကွန်လုံ အသွားတံတားတစ်စင်း ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်းလာသည့် သတင်းများအရ သိရသည်။
ယမန်နေ့ညပိုင်းက သိန္နီ- ကွန်လုံလမ်း နမ့်မိန်တံတားတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ယနေ့နံနက် ၄ နာရီခန့်တွင် သိန္နီ- မူစယ်လမ်း နမ္မတူမြစ်ကူးတံတား၌ နောက်ထပ်တစ်ကြိမ် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကွဲမှုများကြောင့် တံတားများ အနည်းငယ်စီ ပျက်စီးမှုရှိပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း ကားများ သွားလာ နေဆဲဖြစ်ကြောင်း သိန္နီ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကွန်လုံဘက်သွားတဲ့လမ်းပေါ့ အေးရှားဝေါလ်ဂိတ်ကနေ ချိုးသွားရင် သိန္နီ နဲ့ ၅ မိုင်လောက်ဝေးတယ်၊ နမ့်မိန်တံတား မှာကွဲ တယ်၊ အသံကတော့ အကျယ်ကြီးပဲ မြေတောင်တုန်သွားတာပဲ တံတားထောင့်နားမှာ နည်းနည်းပျက်သွားတယ်လို့ သိရတယ်”- ဟု သူက ဆိုသည်။
အလားတူ နမ္မတူမြစ်ကူးတံတားလည်း ဗုံးကွဲမှုကြောင့် အုဋ်များအက်ကွဲသွားကြောင်း အဆိုပါတံတားနှစ်စင်း စလုံးတွင် ယာဉ်များ သွားလာနေဆဲဖြစ်သော်လည်း ခရီးသွားများနှင့် ကားများအား ရဲ၊ စစ်တပ်တို့က အထူးစစ် ဆေးမေးမြန်း နေ ကြောင်း ခရီးသွား တဦးကပြောပါသည်။
ထို့အတူ ပြီးခဲ့သည့် ၂၃ ရက်၊ ၂၅ ရက် ညနေပိုင်း နှင့် ၂၆ ရက်နေ့ မနက်ပိုင်းကလည်း သျှမ်းပြည်တပ်မတော် မြောက် ပိုင်း တပ်ဖွဲ့ ခေါ် SSPP/SSA အခြေချ တပ်စခန်းအား အစိုးရတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် တိုက်ခိုက်သည့်အပြင်၊ လှုပ်ရှားသွား လာနေသည့် သျှမ်းတပ်စစ်ကြောင်းအား တောနင်းရှာဖွေ နေဆဲဖြစ်ခဲ့သည်။
သျှမ်းပြည်တပ်မတော် အရာရှိတဦးက သျှမ်းပြည်တပ်မတော်အနေဖြင့် အစိုးရ နှင့်အပစ်ရပ် သဘောတူညီ ချက် ရရှိ ထားသော ကြောင့် အထက်အမိန့်မရဘဲ ပြန်လည်ခုခံတိုက်ခိုက်ခြင်းလုပ်မည်မဟုတ်ဟု သျှမ်းသံတော်ဆင့်အားပြောပြ ပါသည်။ သိန္နီမြို့နယ်သည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) ( သိန္နီ၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ် ) ၌ပါဝင်သည်။