သျှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့်အလားတူ သျှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA လည်း မြန်မာ အစိုးရကိုယ် စားလှယ်များနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးပြီး နောက်ပိုင်း ၄ ကြိမ်ထက်မနည်းတိုက်ပွဲဖြစ် ပွါးနေကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောပါသည်။
“တမြန်နေ့က မိုင်းစန်မြို့နယ်ခွဲဘက်ကဆင်းလာတဲ့ မြန်မာစစ်တပ်က ကျနော်တို့စခန်းကို လာတိုက်တာ။ ၁ နာရီလောက် ပစ်ခတ်ခဲ့ရတယ်။ ကျနော်တို့ကို စခန်းကနေ တပ်ရုပ်ပေးခိုင်းတာ ကျနော်တို့ကအထက်အမိန့်မရ ဘဲ မရုပ်လို့ သူတို့လာတိုက်တာ” ဟု SSPP/ SSA မှအရာရှိတဦးကပြောသည်။
မိုင်းစန်မြို့နယ်ခွဲ တာ့ဆမ်ပူး( နမ့်ပန်ချောင်း ကူးတို့ဆိပ်)ကျေးရွာရှိ သျှမ်းပြည်တပ်မတော်၏တပ်စခန်းအား မိုင်းစန်မှလာ သည့်အင်အား ၄၀ ခန့်ရှိ (တပ်ရင်းမသိ) မြန်မာစစ်တပ်ကဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ သျှမ်းပြည်တပ်မတော် ဖက်ကမူ တပ်မဟာ ရ၂၄ လက်အောက် ခံတပ်ရင်း ၈၀၁ မှတပ်သား ၁၀ ဦးမျှရှိကြောင်း အဆိုပါ အရာရှိကပြောသည်။
တိုက်ပွဲကြောင့် ၂ ဖက်အကျအဆုံးစာရင်းအတိအကျ မသိရသေးဟုလည်း ဆိုပါသည်။
“ ကျနော်တို့ မြန်မာအစိုးရကိုယ်စားလှယ်နဲ့တောင်ကြီးမှာ အပစ်ရပ်ရေး ဆွေးနွေးပြီးနောက်ပိုင်း အခုအချိန်အထိ ကျနော် တို့ ၂ ဖက်ကြား တိုက်ပွဲ ၄ ကြိမ်ရှိခဲ့ပါတယ်။ နမ္မတူမြို့အတွင်းမှာ ၂ ကြိမ်၊ နမ့်မ မောက်တောင်းမှာ တကြိမ်နဲ့ အခုတကြိမ် ဖြစ်ပါတယ် ” ဟု ၎င်းကဆက်လက်ပြောပြသည်။
SSPP/SSA နှင့် မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် ဆွေးနွေးပြီးနောက်ပိုင်း တိုက်ပွဲများ ဆက်လက်ဖြစ် ပွါးနေသည့်အပြင် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကြံ့ခိုင်ရေးပါတီအတွင်းရေးမှူး၊ စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းက - အပစ်ရပ်တာ သဘောတူလက်မှတ်ထိုးပြီးလို့ ၅ ရက်ထက်မလွန်စေဘဲ ခင်ဗျားတို့နယ်မြေထဲ တိုးချဲ့ အခြေချ၊ လှုပ်ရှားနေတဲ့ အစိုးရစစ်တပ်တွေ ရုပ်သိမ်းပေးပါ့မယ်- ဟု ကတိပေး ပြောဆိုခဲ့သော်လည်း ကနေ့ သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ၏ တောင်ကုန်း၊ အမြင့်ပိုင်း၊ စစ်ရေးအရ အချက်အခြာကျသည့်နေရာများ၌ မြန်မာစစ်တပ်က စခန်းချနေရာယူ ထားသည်ဟုလည်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။
“မြန်မာစစ်တပ်က တပ်မရုပ်ပေးတဲ့အပြင် အင်အားတောင်ထပ်ဖြည့်ထားသေးတယ်ဗျာ။ သူတို့တပ်စခန်းကို လည်း အခိုင် အမာ ပြန်ဆောက်တယ် ” ဟု ဆိုပါသည်။
ဂျန္နဝါရီလ ၂၈ ရက်က သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စား လှယ်တို့ အပစ်ရပ်ရေးအပါအဝင် ပြည်ထောင်စုအဆင့်ကို အချိန်တိုအတွင်း ပင်လုံစိတ်ဓါတ်အရင်းခံ၍ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်ရန် အချက်ပါဝင်သည့် သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့သည်။