မသန်မစွမ်းရဲဘော်ဟောင်းများအဖွဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်သမီး၏ ဓါတ်ပုံအား အိမ်တိုင်းတက်ရောင်း

မသန်မစွမ်းရဲဘော်ဟောင်းများအဖွဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်သမီး၏ ဓါတ်ပုံအား အိမ်တိုင်းတက်ရောင်း
by -
သျှမ်းသံတော်ဆင့်

ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးခရီးစဉ်အပြီး ဒေသအတွင်းရှိမသန်မစွမ်းရဲဘော်ဟောင်းများ အဖွဲ့က အုပ်စုခွဲကာ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပတ် သက်သည့် ဓါတ်ပုံများ၊ စာအုပ်များအား မြို့တွင်းရပ်ကွက်၌တစ်အိမ်တက်ဆင်းရောင်းပေး နေကြောင်း ဒေသခံများ ပြောချက်အရ သိရပါသည်။

poster

“မသန်မစွမ်းရဲဘော်တွေက သနားဖို့ကောင်းပါတယ်။ ပင်စင်လစာက အရမ်း နည်းတယ်။ စားမလောက်ဘူး။ မိသားစုအတွက် မဖူလုံတော့ တောင်းစားရတယ်။ အခု ရတဲ့ ပိုက်ဆံကနေ ဒုက္ခိတ ရဲဘော်ဟောင်းတွေ သူတို့ မိသားစု တွေအတွက် ပြန်လည်ထောက်ပံ့ဖို့လေ” ဓါတ်ပုံရောင်း ရဲဘော်ဟောင်းတဦး၏ပြောစကားကိုကိုးကား၍  ဒေသခံ ကျန်းမာရေးဝန်ထမ်း တဦး က ပြောပါသည်။

လားရှိုးမြို့ပေါ် ရပ်ကွက်များ၌အခြေချနေထိုင်သည့် ပင်စင်စား ဒုက္ခိတ ရဲဘော်ဟောင်းများက အုပ်စုခွဲ ပြီး ဗိုလ်ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိစာအုပ် အပါအဝင် စာအုပ် ၁၀ အုပ်ခန့် ပွေ့ပိုက်ပြီး တစ်အိမ် တက် တစ်အိမ်ဆင်း ရောင်းပေးနေကြောင်း၊ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ဂျာနယ်များ စာအုပ်များ၊ ၎င်းတို့သားအဖ ၏ ဓါတ်ပုံများလည်းပါဝင်ကြောင်း လွယ်ရိုးဒေသခံတဦး က ပြောပါသည်။

“သူတို့ လာရောင်းတဲ့အကြောင်းရင်းက ပင်စင်လာစာမလောက်ငှ မိသားစုအခက်အခဲကြောင့် အပြင် နိုင်ငံရေးအခြေအနေကပြောင်းလဲလာပြီ၊ အဒီအပြောင်းအလဲကို တတ်နိုင်တဲ့ဘက် ပံ့ပိုးပေးချင်တယ်။ အဓိကကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပင်လုံစိတ်ဓါတ်ကို သူတို့လေးစား တယ်။ အဲလို တန်းတူ ညီမျှမှု စိတ်ဓါတ်မျိုးကနေ့ခေတ် ရဲဘော်တွေ တန်ဖိုးထားတတ်အောင် ပြချင်တဲ့အနေနဲ့ လူထုကို လာရောက် အကူအညီတောင်း တာလို့ပြောတယ်။ ဒါကြောင့် ကျနော်က အတ္ထုပ္ပတ္တိစာအုပ်တအုပ်အားပေးလိုက်တယ်။ တအုပ် ၂၀၀၀ ကျပ် ။ ဂျာနယ်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူတို့ရောင်းတဲ့ပစ္စည်းတိုင်းက  ၂၀၀၀ ကျပ်ထက်ဈေးမလျော့ဘူး။”

လားရှိုးမြို့တွင် ရဲဘော်ဟောင်းအဖွဲ့ ခေါ် စစ်မှုထမ်းဟောင်းအသင်းအဖွဲ့ နှင့် မသန်မစွမ်းရဲ ဘော် ဟောင်းအဖွဲ့ ဟူ၍ရှိ၏။ စစ်မှုထမ်းဟောင်းအဖွဲ့အား စစ်တပ်၏ အရံအင်အားအဖြစ် ဖွဲ့စည်းပေးကာ ထောက်လှမ်းရေး(သူလျှို) အဖြစ် ဒေသအတွင်းဖြစ်ပေါ်သည့် အချက်အလက် များအား စစ်တပ်ထံ ဆက်သွယ်သတင်း ပေးပို့တတ်၏၊ မသန် စွမ်းရဲဘော်ဟောင်းအဖွဲ့များမှာမူ အပါယ်ခံဘဝ သို့ရောက်ကြရသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

ပင်စင်လစာမှာ ယခု ၄-၅ နှစ်အတွင်း တလလျင် ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ တက်ပေးသော်လည်း သွားရောက်ထုတ်ယူမည့် ကားခနှင့်မကာမိသဖြင့် ၆ လ တခါ သို့မဟုတ် ၁ နှစ်တခါမှသာ သွားထုတ်ကြကြောင်း ဝန်ထမ်းများအသိုင်းအဝိုင်းကပြောပါသည်။

Most read this week