အစိုးရအတွင်း ဂိုဏ်းဂဏကွဲများပြား - နိုင်ငံရေးအပြောင်းအလဲအပေါ် တိုင်းရင်းသားခေါင်းဆောင်များစိတ်မချ

အစိုးရအတွင်း ဂိုဏ်းဂဏကွဲများပြား - နိုင်ငံရေးအပြောင်းအလဲအပေါ် တိုင်းရင်းသားခေါင်းဆောင်များစိတ်မချ
by -
သျှမ်းသံတော်ဆင့်

လက်ရှိ အာဏာရ ဦးသိန်းစိန်အစိုးရအတွင်း တိုင်းရင်းသားတန်းတူရေးအပေါ် သဘောထားရှိမှုမတူညီသော ကြောင့် လက်ရှိနိုင်ငံ ရေးပြောင်းလဲမှုအပေါ် စိတ်မချရသေးကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ ချုပ် SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်ကပြောပါသည်။

SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်
“လက်ရှိ ဦးသိန်းစိန်အစိုးရ လုပ်နေတဲ့ အပြောင်းအလဲက တိုးတက်လာပြီ၊ ယုံကြည်နိုင်လောက်ပြီ ဆိုတဲ့အဆင့်မဟုတ်ဘူး၊ ပြင်ပေး နိုင်တဲ့ တချို့ဟာလေးတွေကို ပြင်သွားနေတယ်လို့ဘဲပြောရမှာ။ တိုင်းရင်းသား တန်းတူရေး ကိစ္စတွေမှာ ဗမာက တိုင်းရင်းသားဘဲ ဆိုတာ အစိုးရအထဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆို လက်ခံတာ ရှိဘူး” - ဟု SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်က ပြော ပါ သည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် သျှမ်းတို့ကဲ့သို့ ဗမာလူမျိုး သည်လည်း တိုင်းရင်းသား  တခုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး စသည်တို့ လက်ခံသော်လည်း လက်ရှိ အာဏာရအုပ်စုအတွင်း သဘောထားတူညီမှုမရှိသေးကြောင်း ဤကဲ့သို့ ဆက်၍ ပြောပြပါသည်။

“အခုက အခြေအနေက ကောင်းလာပြီ ကောင်းလာပြီထင်နေကြတယ်။ ဒါပေမယ့် စိတ်မချရသေးဘူး၊ ဘာလို့လဲဆိုတော့ ဗမာဟာ တိုင်းရင်းသားလူမျိုးစုတခုဖြစ်တယ်ဆိုတာ သမ္မတ ဦးသိန်းစိန်ကလက်ခံပေမယ့်  အများစုလက်မခံချင်ဘူး၊ အပြောင်း အလဲလိုချင် တဲ့ သူတွေရှိသလို အပြောင်းအလဲမလိုချင်တဲ့သူတွေလဲ အရမ်းများတယ်။ အစိုးရအတွင်းမှာ ဂိုဏ်းဂဏတွေများတယ်” - ဟု စိုင်းညွန့်လွင်က သျှမ်းသံတော်ဆင့်သို့ ဆက်လက်ပြောပြပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်သည် သျှမ်းပြည်မျိုး ဆက်သစ် ခေါင်းဆောင် များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ရ ရက် သျှမ်းပြည်မွေးနေ့ ညစာ စားပွဲ အပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့ များ၌ ဥက္ကဌ စဝ်ခွန်ထွန်းဦးနှင့်အတူ ဖမ်းဆီးခံရကာ  ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ် ၈၅ နှစ်ကျခံခဲ့ရကာ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ဂျန္နဝါရီလ ၁၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။ အမျိုးသားစာပေဆု ဆွတ်ခူးရရှိဖူးသူ တယောက်လည်း ဖြစ်သည်။