သျှမ်းပြည်တပ်မတော်နှင့် အပစ်ရပ်ရေး ဆွေးနွေးသဘောတူပြီးဖြစ်သော်လည်း ယနေ့တိုင် ပစ်ခတ်တိုက် ခိုက်သံကြားနေရ သဖြင့် သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ်မျဉ်းပေါ်ရှိ ဝပ်ဖဝိန်းအင်းဘုန်းကြီးကျောင်းမှ ကိုရင်ငယ်များ ဦးပဥ္ဇင်းများ စစ်ဘေးစစ်ဒဏ်ရှောင်တိမ်းရေး လေ့ကျင့်မှုပြုလုပ်နေကြောင်း သိရသည်။
“ ဟိုဖက်ခြမ်းက မြန်မာစစ်တပ်စခန်းက ထူးထူးခြားခြား တပ်တွေပြုပြင်တယ်။ လမ်းတွေဖောက်တယ်။ နယ်ခြားခြံစည်းရိုး တွေကို ရှင်းလင်းတယ်။ တဖက်ကလည်း တာချီလိတ် ဖက်တွေမှာ တိုက်ပွဲတွေက မရပ်ဘူး ဆိုတော့ ဘုန်းဘုန်းတို့ဖက် ကလည်း ကိုရင်ငယ်လေး တွေကို တိုက်ပွဲဖြစ်လာရင်ဘယ်လိုရှောင်ရမလဲဆိုတာ လေ့ကျင့်ပေးနေတာလေ” ကျောင်းထိုင်ဆရာတော်က သျှမ်းသံ တော်ဆင့်အားပြောပြသည်။
ကိုရင်ငယ် အပါး ၅၀ ကျော်နှင့် ဦးပဥ္ဇင်းအပါဝင် သံဃာတော် အပါး ၆၀ ဝန်းကျင်ရှိ အဆိုပါ ဝပ်ဖဝိန်းအင်း ကျောင်းတိုက်၌ စစ်ဘေးရှောင်တိမ်းနည်းလေ့ကျင့်နေသကဲ့သို့ မြန်မာစစ်တပ်၏ ထူးခြားသည့် လုပ်ရပ်ကြောင့် နယ်ခြားစောင့် ထိုင်းစစ်တပ် ကလည်း ၎င်းတို့၏စခန်းအား ပြုပြင်နေသည် ကိုတွေ့ရကြောင်း လတ်တိုင်ရွာ(ထိုင်းဖက်ခြမ်း)နေဒေသခံများကပြောသည်။
“ဘုန်းကြီးကျောင်းမျက်နှာခြင်းဆိုင် ကုန်းပေါ်က တပ်စခန်းအတက်လမ်းကိုရှင်းနေတယ်။ ဘုန်းကြီးကျောင်းနဲ့ အဲ့ဒီတပ် ကြားက နှစ်ရှည်လများ ပစ်ထားတဲ့ ဆရာစိုင်းမူးရဲ့ စာသင်ကျောင်းဆောင်၊ သီလရှင်ကျောင်းနဲ့ ဆွမ်းစာကျောင်းအပျက် အဟောင်းတွေဆီကို ဆင်းပြီး မွှေနှောက်နေတယ်။ နောက်ပြီး သူတို့ရဲ့ ကင်းအမှတ် ၁- ၂-၃ သုံးခုစလုံးကို ပြုပြင် တည် ဆောက်နေသလို ကင်းအတက်လမ်းကိုလည်း ရှင်းလင်းနေတယ်။ ကျောင်းရဲ့အစွန်က ထိုင်း-မြန်မာနယ်စပ်ဂိတ် ဟောင်း တွေမှာ ခြံစည်းရိုးတွေမှာ ရှင်းလင်းနေတော့ထိုင်းစစ် တပ်ကလည်း သူတို့ကင်းစခန်းကိုရှင်းနေတယ်။ ဒေသခံတွေ ကတော့ တိုက်ပွဲဖြစ်လာ မှာကိုစိုးရိမ်တယ်၊ နယ်စပ်လမ်းဖွင့်ဖို့ မျှော်နေတဲ့ စီးပွားရေးသမား ကုန်သည်သမားတွေ အပါအဝင် ပေါ့” - ဟု လတ်တိုင်ရွာ ဒေသခံတဦးကပြောသည်။
၂၀၀၂ ခုနှစ် သျှမ်းပြည်တပ်မတော် နှင့် မြန်မာစစ်တပ်တို့၏ တိုက်ပွဲဖြစ်ပွါးပြီးနောက်ပိုင်း အဆိုပါ နယ်စပ်ဂိတ်ကို ယနေ့ တိုင်ပိတ်ထားခဲ့သည်။ နယ်စပ်မျဉ်းပေါ်ရှိ အဆိုပါဝပ်ဖဝိန်းအင်းကျောင်းတိုက်၏ မျက်နှာခြင်းဆိုင် တောင်ကုန်း (ယခင်က ဘုန်းကြီးကျောင်းဝင်းကို ထက်ခြမ်းခွဲ၍ နယ်စပ်မျဉ်းဆွဲလိုက်သဖြင့် နှစ်ခြမ်ကွဲသွားသည့်ကျောင်းတော်) တဖက်ခြမ်းပေါ်သို့ လည်း ထိုချိန်ကစ၍ ဗမာ့တပ်မတော်က စခန်းချနေရာယူလာခဲ့သည်။ ဝပ်ဖဝိန်းအင်းကျောင်းတိုက်သည် ၂၀၀၂ မတိုင် ခင်က ပညာသင်ကိုရင် ၁၀၀ ကျော်ရှိသော်လည်း ယခုနောက်ပိုင်း မိဘမဲ့ ဒုက္ခသည်ကိုရင်ငယ် အပါး ၅၀ ခန့်သာရှိတော့ ကြောင်း သိရပါသည်။