သျှမ်းနီပါတီ မှတ်ပုံတင်ခွင့်ကျ

သျှမ်းနီပါတီ မှတ်ပုံတင်ခွင့်ကျ
by -
သျှမ်းသံတော်ဆင့်

ယခုနှစ် ဇန္နဝါရီလ ၂၀ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီထူထောင်ခွင့် မှတ်ပုံတင် လျှောက်ထားသော တိုင်းလျဲန် (သျှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP အား ယမန်နေ့က နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

တိုင်းလျဲန် ခေါ် သျှမ်းနီလူမျိုးများအများဆုံးနေထိုင်ရာ အင်းတော်ကြီးဒေသ (photo - myanmarnewshub.com)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပါတီမှတ်ပုံတင်ခွင့်ပြုသည့် အကြောင်းကြားစာကို မန္တလေးမြို့နယ် ရွေး ကောက် ပွဲကော်မရှင်မှ မန္တလေးမြို့ရှိ ပါတီဆက်သွယ်ရေး တာဝန်ခံ ဦးစောဝင်းထွန်းထံ တဆင့်ပေးပို့ ခဲ့ကြောင်း ပါတီထူထောင်ရာ တွင် ပါ၀င်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောသည်။

“ပါတီမှတ်ပုံတင်ခွင့်ကျပါပြီ မနေ့ကနေ့လည် ၁ နာရီလောက်မှာ မန္တလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ဦးစော ဝင်းထွန်းကို ပါတီထောင်ခွင့်မှတ်ပုံတင်ကျပြီဆိုတဲ့အကြောင်း အကြောင်းကြားစာပေးပို့တယ်” ဟု ပြောသည်။

ပါတီလိုဂို၊ အလံ၊ ဖွဲ့စည်းပုံနှင့် မူဝါဒလမ်းစဉ်ဆိုင်ရာ ကိစ္စများကို မကြာမီ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ပြီး အသေးစိတ် ပြောဆိုခြင်းမရှိပေ။

၎င်းပါတီကို ကချင်ပြည်နယ် မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော် နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ အင်းတော်၊ ခန္တီး၊ မုံရွာ အပါအဝင် မန္တလေး၊ ရန်ကုန်မြို့များရှိ သျှမ်းလူငယ် ၁၈ ဦးမှ ဦးဆောင်ကာ ဇန်နဝါရီလ ၁၉ ရက် နေ့က မန္တလေးမြို့ရှိ ဦးစောထွန်း၏နေအိမ်တွင် ပါတီအမည်ရွေးချယ်၍ မှတ်ပုံတင်ခွင့် လျှောက်ထား ခဲ့ကြောင်း သိရသည်။

Most read this week