ပြည်ထောင်စုနေ့ညစာစားပွဲ၌ ဗမာအမျိုးသားဝတ်စုံ ဝတ်ဆင်ရန် ဖိတ်စာပါ အစိုးရ၏ မှတ်ချက်ပါသော် လည်း တိုင်းရင်း သားလွှတ်တော်အမတ်အချို့က တိုင်းရင်းသား ဝတ်စုံသာဝတ်ဆင်ခဲ့ကြောင်း လွှတ်တော်အမတ်များ သတင်းရပ်ကွက်က ဆိုပါသည်။
“ဖိတ်စာထဲမှာကို အထူးမှတ်ချက် ပါလာတယ်။ ဗမာအမျိုးသားဝတ်စုံ ဆိုတော့ သမ္မတကြီးတို့ ဝတ်သလိုပေါ့ ခေါင်း ပေါင်းနဲ့၊ အနက်ရောင် တိုက်ပုံနဲ့ ချိတ်လုံချည်နဲ့လေ။ လွှတ်တော်အမတ် တဝက်လောက် က အလောတကြီး ပြေးဝယ်ကြ တယ်။ ကျန်တချို့တဝက်တော့ ကိုယ့်အမျိုးသားဝတ်စုံနဲ့ဘဲ တက်ကြ တယ်” ဟု ပြည်သူ့လွှတ်တော်အမတ် တဦးကပြော သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် က နိုင်ငံတော်သမ္မတကြီးတည်ခင်းဧည့်ခံသော ပြည်ထောင်စုနေ့ အထိမ်းအမှတ် ညစာစား ပွဲတက်ရောက်ရန် ဖိတ်ကြားလွှာ၌ မြန်မာအမျိုးသားဝတ်စုံဝတ်ဆင်ရန် မှတ်ချက်ပါရှိကြောင်း လွှတ်တော်အမတ်များ က ပြောသည်။
ပြည်ထောင်စုနေ့သည် ဗမာတခုတည်းမှဖြစ်ပေါ်လာခြင်းမဟုတ်၊ တိုင်းရင်းသားများလည်းပါဝင်သောကြောင့် မိမိအမျိုး သားဝတ်စုံကိုသာ ဝတ်ဆင်ရခြင်းဖြစ်ကြောင်း အမတ်များက ပြောသည်။
“အဲဒီမှတ်ချက်က ဗမာမဟုတ်တဲ့ ကျနော်တို့ တိုင်းရင်းသားတွေကို ရည်ညွှန်းတာ မဟုတ်တာလဲ ဖြစ်နိုင်ပါ တယ်။ ကျနော် တို့ကတော့အဲလိုနားလည်လို့ ကျားဖြူပါတီက အမတ်တွေအားလုံး သျှမ်းအမျိုးသားဝတ်စုံဘဲ ဝတ်ဆင်ခဲ့ပါတယ်။ ကရင် အမတ်တွေလဲ သူ့အမျိုးသားဝတ်စုံနဲ့သူလာတက်ကြတယ် ” ကျားဖြူပါတီမှ လွှတ်တော်အမတ် စိုင်းဟတ်က ပြောသည်။
သို့သော် မြန်မာ့ရုပ်မြင်သံကြားတွင်မူ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား သမ္မတကြီးအဖွဲ့နှင့်အလားတူ မြန်မာအမျိုး သားဝတ်စုံကိုဝတ်ဆင်လျက်တွေ့ရသည်။
၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အလယ်ပိုင်းမှ စိုင်းခွန်က - “ ဦးစိုင်းမောက်ခမ်းကတော့ အဲ့ဒီအသိုင်းအဝိုင်းထဲ ရောက်သွား ပြီဆိုတော့ မထူးဇာတ်ခင်းလိုက်တာလဲ ဖြစ်နိုင်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။
သို့သော် ယခုလွှတ်တော်အစည်းအဝေးသည် လွတ်လပ်သင့်သလောက်လွတ်လပ်လာပြီ ဖြစ်သောကြောင့် မိမိ အခွင့် အရေး အတွက် ယခင်ကကဲ့သို့ ကြောက်ရွံ့နှုတ်ဆိတ်ခြင်းမပြုသင့်ကြောင်း မိုင်းရယ်မြို့နယ် ရွေးကောက်တင်မြောက်ခံ ပြည်သူ့လွှတ်တော်အမတ် စိုင်းဟတ်က ဤကဲ့သို့ ဆက်လက်ပြောပြပါသည်။
“အခုက လွတ်လပ်လာနေပြီလို့ပြောလို့ရပါတယ်။ မိမိလိုချင်တာတွေကို ဆိုင်ရာ နိုင်ငံရေးပါတီတွေထံ၊ လွှတ်တော် အမတ် တွေထံ ပြောရဲ ဆိုရဲ ရမယ်။ မိမိ အခွင့်အရေး အတွက်၊ မိမိဖြစ်ချင်တာတွေကိုရဖို့အတွက် တင်ပြရမယ်။ အခွင့်အရေးဆုံး ရှုံးခံနေရရင်လဲ တိုင်ကြားရဲရမယ်။ လူထုဘက် ကျနော်တို့ အမြဲရပ်တည်ပြီး လွှတ်တော်အတွင်းမှာ ပြန်လည်တင်ပြ တောင်းဆိုပေးပါ့မယ်” ဟု ဆိုပါသည်။
ပြည်ထောင်စုနေ့ဟူသည်မှာ ၁၉၄၇ က ဗမာ၊ သျှမ်း၊ ကချင်၊ ချင်းပြည်နယ်တို့ ပင်လုံစာချုပ်ကို စုပေါင်းလက်မှတ် ရေးထိုး ကြရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။