မြန်မာစစ်တပ်အချင်းချင်းမှားပစ် နှစ်ယောက်သေ ရွာထဲသို့လက်နက်ကြီးများကျ

မြန်မာစစ်တပ်အချင်းချင်းမှားပစ် နှစ်ယောက်သေ ရွာထဲသို့လက်နက်ကြီးများကျ
by -
သျှမ်းသံတော်ဆင့်

မြန်မာစစ်တပ်အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံလူထုရပ်ကွက်အတွင်းသို့ လက်နက်ကြီး ၁၀ လုံးထက် မနည်း ကျရာ ရွာဘုရားကျောင်း အပျက်အစီးရှိပြီး၊ နောင်ချိုတပ်မှ နှစ်ယောက်သေဆုံးသည်ဟု ဆိုသည်။

မြန်မာစစ်တပ်မှ စစ်သားအချို့

“ပိုက်လိုင်းလုံခြုံရေးတာဝန်ကျတဲ့ မြန်မာတပ်ရင်း ၅-၆ ရင်းလောက်ရှိတယ်။ အဲ့ထဲက ပန်ဝါဖက်လှုပ်ရှားနေတဲ့ ခမရ ၅၀၆ နဲ့ ခမရ ၁၁၅ (မိုင်းဟိုင်းစခန်းချ)။ သူတို့အချင်းချင်းမှားပစ်ကြတယ်။ နာရီဝက်နီးနီးလောက်ပေါ့။  ရွာထဲလက်နက်ကြီး တွေကျတာ။ ခရစ်ယာန်ဘုရားကျောင်း ပျက်စီးကုန်တာ” ဟု အမည်မဖော်လိုသည့် ကျားဖြူပါတီဝင်တဦးကပြောသည်။

ရေနံ/ဂက်စ်ပိုက်လုံး လုံခြုံရေးအတွက် မန်တုံမြို့နယ်ဘက် ရောက်ရှိလှုပ်ရှားသည့် နောင်ချိုမှ ခမရ ၁၁၅၊ နမ္မတူမှ ခလရ ၁၃၀၊ ခမရ ၃၂၄၊ ကျောက်မဲမှ ခမရ ၅၀၁၊ ၅၀၂  နမ့်လန်မှ ခမရ ၅၀၆ တို့အနက် နမ့်တူမြို့နယ် ပန်ဝါအုပ်စုဖက်လှုပ်ရှား သည့်  ခမရ ၁၁၅ နှင့် ခမရ ၅၀၆ တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးသည်ဟုဆို၏။

နမ့်လန်အခြေစိုက် ပန်ဝါကျေးရွာ အဝင်လမ်း၌ စခန်းချသည့် ခမယ ၅၀၆ က ကင်းလှည့်လာသော ခမရ ၁၁၅ အား ဆီးကြိုတိုက်ခိုက်ခြင်းဖြစ်ကြောင်း  လှုပ်ရှားစစ်ဗျူဟာမှူး ဒု ဗမကတင်ဝင်းအောင် ညွှန်ကြားမှ ပစ်ခတ်မှု ရပ်ကြကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းက ပြောပါသည်။

“ ရွာသားတွေ ထိခိုက်ဒဏ်ရာရတာတော့မကြားမိဘူး။ ဘုရားကျောင်း အဆောက်အဦး တချို့ပျက်တယ်၊ လယ်နဲ့ ခြံအတွင်း စိုက်ခင်းတွေပျက်တယ်။ ခမရ ၁၁၅ ကတော့ ၂ ယောက်သေ တယ်လို့ သိရတယ်။ ဒီ ခမရ ၁၁၅ ကဘဲ ပြီးခဲ့တဲ့လ  ၈ ရက် ကလဲ ကချင်တပ်နဲ့တိုက်ပွဲဖြစ်လို့ သူတို့ပစ္စည်း ထမ်းခိုင်းဖို့ ဖမ်းသွားတဲ့ ကချင်ကျောင်းသား လေး ၁ ယောက်တောင်မှ ခြေ ထောက်မှာ ဒဏ်ရာရသွားတာကော်။ ဒီ  ၁၁၅ ကတော့ ရွာထဲဝင်ရင် ဓါးပြဘဲ။ ရွာသား တွေရဲ့ပစ္စည်းတွေယူတယ်။ အိမ်ရှင်မရှိရင်လဲ အိမ်သော့ဖျက်ပြီး ဝင်မွှေတယ်။ ပန်ဝါရွာသူကြီးတောင်မှ အိမ်ဝင်မွှေခံရသေးတာဘဲ” ဟု လားရှိုးရောက် နမ့်တူမြို့နယ်မှ ဒေသခံတဦးကပြောပြသည်။

ခမရ ၁၁၅ တပ်ရင်း၏ ရွာထဲဝင်ရောက်မွှေနှောက် လုယက်ယူငင်မှု၊ ဒေသခံလူထုအား ပေါ်တာဖမ်းဆီး ခေါ်ဆောင်မှု၊ အပတ် စဉ် ဆင့်ဆိုသောကြက်၊ ဝက် အသားငါးနှင့် စားသောက်ဖွယ်ရာများ အိမ်မွေး တိရိစ္ဆာန်များအား သွားရောက်ပို့ ဆောင် နေရ မှုတို့ကြောင့် နမ့်ဟိုင်း၊ မော်နေဒေသခံလူထုအများစုမှာ တရုပ်ပြည်သို့လည်းကြောင်း ထိုင်းနိုင်ငံသို့ လည်းကောင်းထွက် ပြေးတိမ်းရှောင်နေကြရကြောင်း နမ့်တူဒေသခံများက ပြောသည်။

အောက်တိုဘာလကလည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းတတ်ကျေးရွာအုပ်စုဝင် မိုင်းဆိန်ရွာဘက် နယ်လှည့် သည့် ခလရ ၁၄၇ လက်အောက်ခံ  မြန်မာ့စစ်ကြောင်း တကြောင်းက နှစ်ဖွဲ့ခွဲပြီးရွာအဝင် ကေအိုင်အေထောင်ထားသည်ဟု ယူဆရသော မိုင်းနင်းမိသဖြင့် ၁ နာရီနီးပါးကြာအောင် အချင်းချင်းမှားပစ်မိရာ ရ ဦးထက်မနည်းသေဆုံးခဲ့သည်။

ထိုအတွက်ကြောင့် မန်တုံမြို့နယ် ပန်ဝါ ရွာဘက် လှုပ်ရှားသော ခမရ ၃၂၄  ဒုတပ်ရင်းမှူး ဇော်မျိုးအောင် နှင့် ဗိုလ်ကြီး ဇင်မြတ်လင်းတို့ ဦးဆောင်သော စစ်ကြောင်းတကြောင်းက ပန်ဝါ ရွာသူရွာသား ရ၀ ကျော်အားဖမ်းဆီး ချုပ်နှောင်ကာ ပန်ဝါ ရွာသူကြီးနှင့် ဆိုင်ရှင် ဦးမာထွန်းကိုလည်း  ကြိုးတုပ်နေ လှန်းရိုက်နှက်စစ်ဆေးခဲ့ဖူး ကြောင်း သိရပါသည်။