သျှမ်းပြည် (မြောက်ပိုင်း ) မူစယ်နှင့်မန္တလေး ပြေးဆွဲနေသည့် ခရီးသည်တင် express အမြန်ယာဉ်လှိုင်း များရှိ ယာဉ်နှင့် ကုန်အလေးချိန်ကို ယခုလ ၁ ရက်နေ့က စတင်သတ်မှတ်လိုက်ပြီး သတ်မှတ်တန်ထက် ပိုမိုတင် ဆောင်ပါက တန်ပိုကြေးပေးဆောင်ရန် ညွန်ကြားထားကြောင်း မူစယ်မြို့ရှိ အမြန်ယာဉ်လှိုင်းများမှ တဆင့် သိရသည်။
အေးရှားဝေါလ်ကုမ္ပဏီမှ မူစယ်မှ မန္တလေးအထိ အမြန်ယာဉ်တစ်စီး၏ ယာဉ်နှင့်ကုန်အလေးချိန်ကို ၁၆ တန် သတ်မှတ်လိုက်ပြီး အလေးချိန် တစ်တန် ပိုတင်ပါက အေးရှားဝေါလ် တစ်ဂိတ်လျှင် ကျပ် ၁၁၈၀၀ ပေးဆောင် ရမည် ဖြစ်ကြောင်း မူစယ်မြို့ရှိ Express ကားလှိုင်းတစ်ခုမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သူ့တန်ပိုနဲ့သူပေါ့နော် ကားတစ်စီးရဲ့တန်ပိုက ၁၄ တန်ရှိတယ်၊ ပစ္စည်းကို ၁၆ တန်နဲ့ပဲဆင်းသွားတယ်ဆိုရင် ကုန်အလေးချိန် ချိန်တဲ့အေးရှားဝေါလ် တစ်ဂိတ်ကို (ကျပ်) ၁၄၀၀ ပေးရတယ်၊ ဒီထက်ပိုတင်ချင်ရင်လဲ ရတယ်။ ၁၇ တန် တင်ရင် တစ်ဂိတ်ကို (ကျပ်) ၁၁၈၀၀ သတ်မှတ်တယ်၊ ၁၈ တန်တင်ရင် (ကျပ်) ၂၂၃၀၀ ဒါကသူတို့ သတ်မှတ်ထားတဲ့ တန်ပိုပေါ့နော် ” ဟု အဆိုပါ ကားလှိုင်းမှ ပြောသည်။
မူစယ်မှ မန္တလေးအထိ ကုန်အလေးချိန် ချိန်သည့် အေးရှားဝေါလ်ဂိတ် စုစုပေါင်း ၁၁ ဂိတ်တွင် သတ်မှတ်ငွေ ပေးဆောင်ရမည်ဖြစ်ပြီး အဆိုပါကိစ္စယာဉ်လှိုင်း တာဝန်ရှိသူများနှင့် အေးရှားဝေါလ်တို့ ညှိနှိုင်း ဆောင်ရွက် နေကြောင်း သိရသည်။
ထိုသို့ ယာဉ်နှင့်ကုန်အလေးချိန်များ သတ်မှတ်လိုက်သဖြင့် ကုန်တင်ခများ စျေးတက်လာပြီး ကုန်စျေးနှုန်းများ တက်လာကြောင်း ကုန်သည်များက ပြောဆိုသည်။