အစိုးရသစ်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ် ငြိမ်းချမ်းရေးဖော်ဆောင်နေသော် လည်း ဝမ်းရေးအခက်အခဲကြောင့် သျှမ်းပြည်မှလူထု ထိုင်းနိုင်ငံသို့ အဆက်မပြတ် ဝင်ရောက်နေကြောင်း နယ်စပ်သတင်းများအရ သိရှိရပါသည်။
“နိုင်ငံတကာက ကျနော်တို့နိုင်ငံကို တဖြည်းဖြည်းနဲ့ အေးချမ်းလာပြီလို့ ပြောနေကြပေမဲ့ ဝမ်းစာအတွက် ရှာဖွေရ တာ အရမ်းခက်ခဲတော့ ရေကြည်ရာ မြက်နုရာ ရှာရတာပေါ့။ ဖြစ်နိုင်ရင် ကိုယ့်မွေးရပ်မှာဘဲ နေထိုင်လုပ်ကိုင်ချင် တယ်ဗျာ” ဟု နယ်စပ်ရောက် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံတစ်ဦးက ပြောပါသည်။
တဖက်၌လည်း ထိုင်းနယ်စပ် လမ်းခရီးတလျောက်ရှိ အစိုးရဂိတ်များက အဆမတန်ဂိတ်ကြေးကောက်ခံကြောင်း၊ မိမိနိုင်ငံသား အချင်းချင်းအပေါ် ထိုကဲ့သို့ ဂိတ်ကြေးအဆမတန်ကောက်ခံခြင်း မပြုသင့်ကြောင်း ၎င်းကဆက်ပြော ပါသည်။
“နမ့်ဇန်ကနေ ပုံပါကျင်အထိ ဂိတ်ကြေးက တယောက်ကို အနည်းဆုံး တစ်သိန်းခွဲလောက် ကုန်တယ်ဗျာ။ ဒါက မြို့အဝင်ဂိတ်တွေ။ တောတောင်ထဲက ဂိတ်ငယ်တွေ မပါသေးဘူး။ ဂိတ်ငယ်တွေလဲ ခရီးသည်တယောက်ကို ကျပ်သုံးထောင်ထက်မနဲ တောင်းတယ်ဗျ” ဟု ပုံပါကျင်ကားဆရာတစ်ဦးက ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မှ ထိုင်းနယ်စပ် ပုံပါကျင်အထိ ဂိတ်ကြီး ရ ခုရှိကြောင်း၊ ခရီးသည်တစ်ဦးအတွက် မိုးနဲမြို့အဝင်ဂိတ် - ကျပ် ၁၂,၀၀၀၊ လင်းခေးဂိတ် - ကျပ် ၄၀,၀၀၀၊ မိုင်းပန်ဂိတ် - ကျပ် ၃၀,၀၀၀၊ တာဆန်းဂိတ် - ကျပ် ၂၀,၀၀၀၊ မိုင်းတုံဂိတ် - ကျပ် ၃၅,၀၀၀၊ နားကောင်းမှူး - ကျပ် ၁၂,၀၀၀နှင့် ပုံပါကျင်ဂိတ် - ကျပ် ၂၀,၀၀၀ ပေးရကြောင်း၊ ခရီးသည်တစ်ဦး ကားခ ကျပ် ၂၅၀,၀၀၀ ဖြစ်ကြောင်း ၎င်းကဆို၏။
“၁၄ နှစ်အထက် ကလေးတွေလဲ လူကြီးကားခနဲ့ တန်းတူဘဲ ကောက်မှရတယ်။ ပုံပါကျင်ရောက်ရင် ခရီးသည် တယောက်အတွက် အမြတ်ငါးသောင်းလောက်ဘဲကျန်တယ်။ မတတ်နိုင်ဘူးဗျာ။ ခရီးသည်တွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ သွားနိုင်ဖို့ အဓိကဘဲ” ဟု ကားဆရာက ဆက်လက်ပြောပြသည်။
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ သျှမ်းမြောက်ပိုင်း တန့်ယန်း၊ သီပေါ၊ သိန္နီ၊ ကျောက်မဲ၊ သျှမ်းပြည်တောင်ပိုင်း မိုင်းရှူး၊ မိုင်းကိုင်၊ လဲချား၊ ပင်လုံ၊ နမ့်ဇန်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်တို့မှ ဒေသခံများဖြစ် ကြောင်း သိရှိရပါသည်။