၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်လျှင် ပြင်သင့်ဟု ဥပဒေပညာရှင် ပအိုဝ်းခေါင်းဆောင်ပြော

၂၀၀၈ ဖွဲ့စည်းပုံကို မဖျက်လျှင် ပြင်သင့်ဟု ဥပဒေပညာရှင် ပအိုဝ်းခေါင်းဆောင်ပြော
by -
သျှမ်းသံတော်ဆင့်

နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေသည် လူထုမှလာသော ဖွဲ့စည်းပုံမဟုတ်ပါက တိုင်းရင်းသားများ၏ ကိုယ်ပိုင် လက္ခဏာများ ပျက် စီးပျောက်ဆုံးနိုင်သဖြင့် မဖျက်လျှင်  ပြင်သင့်ကြောင်း ၁၁ ကြိမ်မြောက်  SSSNY  သင်တန်းကျောင်းဆင်းပွဲ၌  PNLO  ဥက္ကဌ ကပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ
“ဖွဲ့စည်းပုံဥပဒေကို မပြင်ရင်တော့ အနာဂတ်မှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေ ပျက်စီး ပျောက်ဆုံးမှာ မလွဲဘူး။ ဖွဲ့စည်းပုံဆိုတာ လူထုကလာ လူထုမှဆွဲ လူထုအတွက်မဟုတ်ဘဲ စစ်တပ်မှလာ စစ်တပ်မှဆွဲ စစ်တပ်အတွက် ဖြစ်တဲ့ ဖွဲ့စည်းပုံဖြစ်နေတယ် ” - ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာကပြောသည်။

လက်ရှိအသုံးပြုနေသော ကြယ်တပွင့်ပါ ဝါစိမ်းနီအလံကိုကြည့်ခြင်းအားဖြင့်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေ  ၏ နိဒါန်း၌ “Oneness” ဟူသော အသုံးအနှုန်းကိုကြည့်ခြင်းအားဖြင့်လည်းကောင်း တိုင်းပြည် တခုအတွင်းလူမျိုးတရပ်တည်း အတွက်ကိုဆိုလိုခြင်းဟု တပ်အပ်သိနိုင်ကြောင်း - လူ့အခွင့်အရေးလှုပ်ရှား သည့် သျှမ်းအမျိုးသမီး နန်းချမ်တောင်း ဦးစီးဖွင့်လှစ်သည့် သျှမ်းပြည်အမျိုးသားလူငယ်များ သင်တန်း ကျောင်းဆင်းပွဲ အခမ်းအနား၌ သင် တန်းသားများအား ခွန်ဥက္ကာ ကအမှာစကားပြောကြားရာတွင်ထည့် သွင်းခဲ့သည်။

“အခု သမ္မတဦးသိန်းစိန် လုပ်နေတာဟာ ‘cosmetic changes’  လို့ခေါ်တဲ့ ဘန်းပြပြောင်းလဲမှုဘဲဖြစ်တယ်။ သူ့ရဲ့ ဒီလုပ် ရပ်ကြောင့် လူတွေက ထင်ယောင်ထင်မှား ဝေဝါးနေကြတယ်။ နောက်ပြီး ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်တဲ့  NLD  ကလည်း ပေါ်လစီတွေပြောင်းလိုက်လို့ လူတွေကို ပိုပြီးဝေဝါးစေခဲ့တယ်။ ဒီအပြောင်းအလဲတွေကြောင့် တချို့နိုင်ငံက ပိတ်ဆို့မှုတွေကိုရုတ်သိမ်းပေးလိုက်သလို ODA အပါအဝင် တခြားတခြားသော NGO တွေ  INGO တွေ   မြန်မာပြည် လာပြီး ရုံးစိုက်ဖို့ တာစူနေကြတယ်” - ဟု ဥပဒေပညာရှင်လည်းဖြစ်သော ခွန်ဥက္ကာက ဆို၏။

“ ငြိမ်းချမ်းရေးဆိုတာကလဲ ဖွံ့ဖြိုးရေး- အထူးစီးပွါးရေးဇုံလို့အမည်တပ်ပြီး စီးပွါးရေးလုပ်ဖို့ အခွင့်အလမ်း တွေကို ရက်ရက် ရောရောပေးနေတယ်။ ဒီနည်းနဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်လာ မှာကိုကြန့်ကြာအောင်လုပ် နေတယ်”

“တကယ်တော့ ဦးသိန်းစိန်ဟာ ငြိမ်းချမ်းရေးကိုဖော်ဆောင်နေတာမဟုတ်ပါဘူး။ ဆိတ်ငြိမ်ရေးကိုပဲလုပ်နေ တာပါ။ ၂၀၁၃  SEA game  အတွက် ၂၀၁၄  Asean ဥက္ကဌရာထူးအတွက်၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အနှောင့်အယှက်မရှိအောင်  ဖန်တီးနေတာပါ။”    ဟု ခွန်ဥက္ကာက ဆက်လက်ပြောကြားသည်။

၁၁ ကြိမ်မြောက် SSSNY သင်တန်းကျောင်းဆင်းပွဲ
မြန်မာအစိုးရက ၁၄ နှစ်ကြာ အချိန်ယူရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့ ပုံအခြေခံဥပဒေကို ပြင်ဆင်လိုလျှင် -‘ပြည် ထောင်စုလွှတ် တော်ကိုယ်စားလှယ် အားလုံး၏ ရ၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီး နောက် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်’ စာမျက်နှာ ၁၇၃ ရှိ အခန်း ၁၂ တွင် ဖေါ်ပြထားသည်။ ပြင်ဆင်လိုသည့် လွှတ်တော်အမတ် များ ရ၅ ရာနှုန်းကျော် မရှိရအောင်လွှတ်တော် အတွင်းတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း  နေရာယူထားသည်။ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီကိုလည်း စစ်တပ် ကျောထောက်နောက်ခံပြု သည့် ပါတီဟု လူတိုင်းက မှတ်ယူသည်။

ခွန်ဥက္ကာဦးဆောင်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) သည်အနည်းဆုံးအခြား ၄ ဖွဲ့နှင့်အတူ လာမည့်လဆန်းအတွင်းနေပြည်တော်မှ မီးရထားသယ်ယူပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆော်ငရေးအဖွဲ့နှင့်တွေ့ဆုံရန်ရှိကြောင်းသိရပါသည်။