အထူးဒေသသို့ သွားရောက်မည့် ပညာရေးဝန် ထမ်းများ မိုင်းယန်း၌ ဆက်လက်သောင်တင်နေ

အထူးဒေသသို့ သွားရောက်မည့် ပညာရေးဝန် ထမ်းများ မိုင်းယန်း၌ ဆက်လက်သောင်တင်နေ
by -
သျှမ်းသံတော်ဆင

သျှမ်းပြည်အရှေ့ပိုင်း ၀ တပ်ဖွဲ့ အထူးဒေသ ၂ နှင့် မိုင်းလားတပ်ဖွဲ့ အထူးဒေသ ၄ သို့ သွားရောက်မည့် ပညာရေး ဝန်ထမ်းများ သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်း၌ ဆက်လက်သောင်တင်နေဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာပြည်မှကျောင်းဆရာမများ
“နိုဝင်ဘာလဆန်းကတည်းက ရောက်နေတာ။ အသက် ၁၈ နဲ့ ၂၄ ကြား ငယ်ငယ်ရွယ်ရွယ် ဆရာမဝန်ထမ်းတွေ ဘဲ။ အလုပ်မလုပ်ရသေးတော့ အစိုးရကနေ လစာရလား/မရဘူးလားဆိုတာတော့ မသိဘူး။ ၀ နယ်မြေထဲ ရောက်သွားရင် ထောက်ပံ့တာတွေရတော့ တော်သေးတယ်” ဟု မိုင်းယန်းဒေသခံတစ်ဦးက ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းသို့ ရောက်ရှိနေသော ပညာရေးဝန်ထမ်းမှာ ၃၂ ဦးရှိပြီး မိုင်းလားထိန်းချုပ်နယ်မြေ ဆီလူးသို့ ၃ ဦး၊ ၀ ထိန်းချုပ်နယ်မြေ မိုင်းပေါက်သို့ ၂၉ ဦး သွားရောက်ရမည်ဖြစ်သည်ဟုဆို၏။
မိုင်းလားရှိ စာသင်ကျောင်း(ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

“မိုင်းပေါက်မှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေ တချို့လဲပျက်စီး။ တချို့ကျောင်းတွေကိုဖျက်ပြီး ဟိုတယ် ဆောက်လိုက်တာတွေရှိတယ်။ အစိုးရဝန်ထမ်းတွေ ၀ ဖက်ကမနှင်ဘဲ ထွက်သွားတာကြောင့် ပြန်ဝင်လာရင်လဲ စာသင် ကျောင်းကအစ နေရာထိုင်ခင်းတွေ ကိုယ့်ဖာသာစီစဉ်ဖို့ ၀ ဖက်က  ပြောတယ်” ဟု ၎င်းကဆက် ပြောပါ သည်။

ထို့အတူ အထူးဒေသ ၄(တောင်ဘက်ပိုင်းနယ်) နမ့်ပန်းဒေသဘက်သွားမည့် ဝန်ထမ်းတချို့လည်း မိုင်းယောင်း ၌ သောင်တင်နေ  ကြောင်းဆို၏။

အစိုးရ၏ ဖွဲ့စည်းပုံအရ မိုင်းလားထိန်းချုပ်နယ်မြေအတွင်းရှိ ဆီလူးနှင့် ၀ ထိန်းချုပ်နယ်မြေ မိုင်းပေါက်ဒေသအား အစိုးရထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းယန်းမြို့နယ်အတွင်း၊ နမ့်ပန်းဒေသကိုလည်း မိုင်းယုမြို့နယ်အတွင်းထား ရှိရန် ညှိနှိုင်းဆောင်ရွက်နေမှု မပြီးစီးသေးသဖြင့် ပညာရေး ဝန်ထမ်းများ ယနေ့တိုင် မပို့လာပေးခြင်းဖြစ်နိုင် ကြောင်း မိုင်းလားအရာရှိတစ်ဦးက ပြောပါသည်။

အထူးဒေသ ၂ သို့ ရောက်ရှိနေသော ပညာရေးဝန်ထမ်းများအား အစိုးရ၏လက်နက်ကိုင်ဝန်ထမ်းများနှင့် ထိမ်း မြားလက်ထပ်ခြင်းမပြုရန်လည်း အထက်ကညွှန်ကြားထားသည်ဆိုသည့်သတင်း ထွက်နေကြောင်း၊  ပညာရေး ဝန်ထမ်းများအား သတင်းထောက်အဖြစ် မိုင်းလား နှင့် ၀ တို့က ထင်မှတ်သွားမည်စိုးသောကြောင့် ဤကဲ့သို့ သီးသန့်နေရန် ညွှန်ကြားခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြပါသည်။

Most read this week