မြစ်ကြီးနား - ဗန်းမော်ကားလမ်းတွင် KIA နှင့် အစိုးရတပ် တို့ တိုက်ပွဲ ဖြစ်နေ

မြစ်ကြီးနား - ဗန်းမော်ကားလမ်းတွင် KIA နှင့် အစိုးရတပ် တို့ တိုက်ပွဲ ဖြစ်နေ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့် အစိုးရ တပ်တို့ မြစ်ကြီးနား - ဗန်းမော်ကား လမ်းနံ ဘေးရှိ ဂျာဘူရွာအနီးတွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲ ခန့်မှ ယနေ့နံနက်ပိုင်းအထိ နှစ်ဘက် တိုက်ပွဲများဖြစ်ပွား နေကြောင်း သိရသည်။

မြစ်ကြီးနား - ဗန်းမော်ကားလမ်းအတိုင်း မြစ်ကြီးနားဘက်မှ ရိက္ခာနှင့် လက်နက်၊ခဲယမ်းများ သယ်ယူလာသည့် အစိုးရ စစ်ကြောင်းနှင့် KIA တို့ အဆိုပါရွာအနီးတွင် တိုက်ခိုက်နေခြင်း ဖြစ်သည်။

008-_KIA
ယနေ့နံနက်ပိုင်းအထိ နှစ်ဘက်တိုက်ပွဲ ဆက်ဖြစ်နေရာ အစိုးရစစ်တပ်မှ ဂျာဘူရွာသား ၁၀ ဦးကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း KIA ရှေ့တန်းစစ်ဘက်နှင့်နီးစပ်သည့် ကျောင်းသားတပ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီရက်ပိုင်း အစိုးရတပ်အင်အား ၁၀၀၀ လောက် လိုင်ဇာဘက်ကို ထပ်ဖြည့်လာတယ် မြစ်ကြီးနားကနေ တက်လာတဲ့ စစ် ကြောင်းနဲ့  မနေ့မနက် ၁၀ နာရီခွဲကနေ ညနေပိုင်းအထိ တိုက်ပွဲဖြစ်တယ် ။တောင်ယာ သွား တဲ့ ဂျာဘူရွာသား ၁၀ ယောက် ကျော်ကို ဒီမနက်ပဲ အစိုးရတပ်က ဖမ်းထားတယ် ။ ခုထိ တိုက်ပွဲဆက်ဖြစ်နေ တုန်းပဲ” ဟု သူက ဆိုသည်။

ယခုရက်ပိုင်း KIA ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီး လိုင်ဇာမြို့အနောက်ဘက် ရှဒန်ပါဒေသတစ်ဝိုက်တွင် အစိုးရတပ် အင်အား ၁၀၀၀ ခန့် ရောက်ရှိနေပြီး တပ်မ ၆၆ လက်အောက်ခံ တပ်များလည်း မိုးမောက်မြို့နှင့် တုံဖုန်းယန်မြို့နယ်ခွဲ လမ်း တစ်လျှောက်တွင် ရောက်ရှိနေရာယူထားကြောင်း သိရသည်။

“အစိုးရတပ်အင်အားတွေထပ်ဖြည့်နေမယ် ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ ပို့နေမယ်ဆိုရင် တိုက်ပွဲတွေကတော့ ရှောင်လွဲလို့ မရဘူး ။ တပ်တွေဆုတ်ခွာသွားမှပဲ တိုက်ပွဲရပ်ဆဲသွားမဲ့ အနေအထားရှိတယ် ” ဟု သူက ဆက်ပြောသည် ။

ယခုလ ၁၈ ရက်နေ့က ဦးအောင်သောင်း ဦးဆောင်သည့် ၁၁ ဦးပါ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့က နိုင်ငံရေး အဆင့် ဆွေးနွေးပွဲစတင်ရန် KIO ထံ ကမ်းလှမ်းစာပေး ပို့ထားသော်လည်းနှစ်ဘက် တိုက်ပွဲများ ယနေ့အထိဖြစ်ပွားနေ ပြီး လူ့အခွင့်အရေးချိုးဖေါက်မှုများလည်း ရှိနေကြောင်း သိရသည် ။

Most read this week