KIAတပ်မဟာ ၃ အခြေစိုက်ရာ တရုတ်နယ်စပ် မိုင်ဂျာယန် ဒေသတစ်ဝိုက်သို့ အစိုးရတပ်မှလက်နက် ကြီးဖြင့် ပစ်ခတ်နေမှုရပ်နားသွားသောကြောင့် တရုတ် လားရင်းနယ်အတွင်း ရောက် ရှိ ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များ နေ့ခင်းပိုင်း အိမ်ပြန်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
လက်နက်ကြီးပစ်ခတ်မှု ရပ်နားသွားသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ပြီး ယခုရက်ပိုင်း ဒုက္ခသည်များ နေ့ခင်းပိုင်း အိမ်ပြန်၍ ည ပိုင်းမှသာ စခန်းတွင်း ပြန်ဝင်အိပ်ကြောင်း ဒုက္ခသည်အရေးကူညီ နေသူ လွယ်ဂျယ်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“လွယ်ဂျယ်နဲ့မိုင်ဂျာယန်ဘက်ကို အစိုးရတပ်က နေ့တိုင်းလက်နက်ကြီးနဲ့ပစ်နေတာ၊ အခုမပစ် တာ ၅ ရက် လောက်ရှိပြီ၊ အခြေအနေ ပြန်ကောင်းလာလို့ ဒီနယ်စပ်ရွာတွေက ဒုက္ခသည်တွေ နေ့ခင်းပိုင်း အိမ်ပြန်ပြီး လုပ်စရာရှိတာ လုပ်တယ်၊ ညပိုင်းကျမှစခန်းမှာ ပြန်ဝင်အိပ်တယ်” ဟု သူက ပြောသည် ။
သို့သော် တရုတ်နယ်စပ်အနီးရှိ အချို့ရွာများတွင် KIA နှင့် အစိုးရတပ်တို့မှထောင်ထားသော မြေမြုတ်မိုင်းများ ကြောင့် ရွာသားများအိမ်ပြန်ရန် အခက်တွေ့နေကြောင်းလည်း သိရသည်။
“ကောင်းစာရွာမှာက ကေအိုင်အေက မိုင်းတွေထောင်ထားလို့ ရွာသားတွေမပြန်ရဲကြဘူး ကြံခင်း တွေမှာ မိုင်းထောင်ထား တာ ကြံခုတ်ချိန်လည်း ဖြစ်တော့ တော်တော်လေး အခက်တွေ့နေ တယ် ” ဟု ဆိုသည်။
ဒုက္ခသည် အကူအညီပေးနေသူများထံမှ နောက်ဆုံးရရှိသည့် စာရင်းအရ တရုတ်လားရင်းနယ်၌ လွယ်ဂျယ်နှင့် မိုင်ဂျာယန် အနီးတစ်ဝိုက်မှ ကျေးရွာသား ၃၀၀၀ ကျော်ခန့် ဒုက္ခသည်အဖြစ်ရောက်ရှိခို လှုံနေပြီး စားနပ်ရိက္ခာ အခက်အခဲ ရှိကြောင်း သိရသည်။
“နေ့စဉ်လိုအပ်နေတာကတော့ ဆန်ပေါ့ အခုဖျားနာတာတွေလည်းရှိတယ်၊ အလှူရှင်တွေလည်း လာတော့ လာတယ်၊ လုံလောက်တဲ့အထိအောင်တော့ မရှိဘူးပေါ့၊ ဒီရက်ပိုင်း အခြေအနေ ပြန် တည်ငြိမ်လာတော့ နေ့ပိုင်းရွာပြန်ပြီး စားဖို့ သောက်ဖို့ ကိစ္စ ကိုယ့်ဟာကိုယ်ရှင်းတယ်၊ ညကျမှပဲ စခန်းထဲပြန်ဝင်အိပ်တယ် ” ဟု ဆိုသည်။
ဇွန်လပိုင်းက စတင်ခဲ့သည့် KIAနှင့်အစိုးရတပ်တို့ နှစ်ဘက်တိုက်ပွဲများအတွင်း မြို့ပေါ်နှင့်တရုတ်နယ်စပ် ဘက် ရောက်ရှိ နေသည့် စစ်ပြေးဒုက္ခသည် ၄သောင်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။