မကြာမီရက်ပိုင်း အတွင်း KIOနှင့် အစိုးရတို့ နိုင်ငံရေး ဆွေးနွေးရန် စီစဉ်နေသော်လည်း နှစ်ဘက် စစ်ဖြစ် နေသည့် ကချင် ပြည်နယ် အတွင်းသို့ အစိုးရစစ်တပ်များထပ်ပို့နေ ဆဲဖြစ် ကြောင်း စစ်ဘက် အသိုင်းအဝိုင်း အဆိုအရ သိရသည် ။
ယခုလ ၁၈ ရက်နေ့က နိုင်ငံရေးအဆင့် ဆွေးနွေးပွဲစတင်ရန် KIO ထံ အစိုးရမှ ကမ်းလှမ်းစာပေးပို့ခဲ့ပြီး ၎င်းနေ့မတိုင်မီ ယခုလ ၁၇ ရက်နေ့က အစိုးရ တပ်မ ၄၄ လက်အောက်ခံတပ်များ မြစ်ကြီးနားမြို့သို့ရောက်ရှိ လာပြီး နောက်ထပ်တပ်မ ၆၆ ပါ ထပ်ပို့ရန် စီစဉ်နေကြောင်း တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည် ။
“၃ လအတွင်းမှာ တပ်မ ၈၈ က ၃၅၆ ယောက်သေကြေဒဏ်ရာရတယ်။ သူနဲ့တပ်မ ၆၆ နဲ့လဲမယ် ၁၇ ရက်နေ့က(ကာချုပ်) မင်းအောင် လှိုင် တပ်မ ၆၆ ရှိတဲ့ ပြည်မြို့ကိုသွားတယ်။ တပ်မရုံးကတပ်တွေကို ပြင်ထားဖို့အမိန့် ပေးပြီ ။ ၆၆ ကိုပြောတာက ၈၈ လို မဖြစ်စေဖို့ ဦးမကျိုးစေဖို့ပြောတယ်” ဟု သူက ဆိုသည် ။
အစိုးရက KIOနှင့် ဆွေးနွေးရန် ကမ်းလှမ်းနေသည့်တိုင် အခြားတစ်ဘက်၌ စစ်ရေး ပြင်ဆင်မှုပြုလုပ် နေကြောင်း သူက ဆက်ပြော သည် ။
“ဦးအောင်သောင်းကနေ နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုပြီး KIO ကိုကမ်းလှမ်းတယ်။အဲလိုကမ်းလှမ်းနေပေ မဲ့လို့ တစ်ဘက်က စစ်ရေး အရ ပြင်နေတယ်။ ၁၀ ရက်နေ့က ဦးသိန်းစိန်ကတပ်တွေကိုအမိန့်ပေးပြီး ရပ်ခိုင်းတယ်လို့ ပြောတယ်။ အခုကတပ်မတွေ ထပ်တင်လာ တယ် ” ဟု ဆိုသည် ။
ယခုအခါ KIA ကို ထိုးစစ်ဆင်ရန် ကချင်ပြည်နယ်နှင့်သျှမ်းပြည် (မြောက်ပိုင်း)သို့ ရောက်ရှိနေသည့် အစိုးရတပ်မ ရ ခုခန့် ရှိပြီး တပ်ရင်းပေါင်း ၁၂၀ ကျော်ရှိကြောင်း သိရသည် ။