ယခုလ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စသုံးလုံးရုံး ၀င်းနံဘေး လက်သည်မပေါ်သည့် ဗုံးတစ်လုံး ပေါက်ကွဲခဲ့အပြီး မြို့ပေါ်ရှိဋ္ဌာနဆိုင်ရာရုံး များတွင် CCTV ကင်မရာများ တပ်ဆင်ထားကြောင်းသိရ သည် ။
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ယခုလ ၁၆ ရက်နေ့က မူစယ်မြို့သို့ ရဟတ်ယာဉ်ဖြင့် နေ့ချင်းပြန်ခရီး လာရောက်ခဲ့ရာ ၎င်းပြန်လည်ထွက်ခွာပြီး နောက်တစ်နေ့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ။
ဗုံးထောင်ဖေါက်ခွဲသူများက အဆောက်အဦနှင့် ရုံးများအတွင်း ဗုံးထုတ်ပစ်သွင်း ဖေါက်ခွဲသည်ဟု ယူဆ သောကြောင့် ဋ္ဌာန ဆိုင်ရာရုံးများတွင် ကင်မရာတပ်ဆင်ထားသည့် အပြင် မြို့ပေါ်ရပ်ကွက်များ၌လည်း ညလုံးပေါက် လျှပ်စစ်မီးထွန်းခိုင်းထား ကြောင်း ၀န်ထမ်းအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ဗုံးကွဲပြီးတော့ မူစယ်က ဋ္ဌာနဆိုင်ရာတွေ အားလုံး ကင်မရာတွေတပ်ပေါ့ဗျာ ဗုံးက အဲလိုပစ်သွားတာကို ရဲစခန်းရှေ့မှာဆို သဲအိတ်တွေချထားတာပေါ့ မီးကလည်း တစ်ညလုံးထွန်းရတာပေါ့နော် ဋ္ဌာနဆိုင်ရာတွေက သူတို့ဟာသူတို့ထွန်းပေါ့ ရပ်ကွက်တွေ ကျတော့ ခြံုပုတ်ရှိတဲ့ နေရာတွေ အိမ်ရှေ့တွေဆိုထွန်းခိုင်းတာပေါ့နော် မှောင်ရိပ်ခိုလို့ရမဲ့နေရာတွေပေါ့ ” ဟု ၀န်ထမ်းနှင့်နီးစပ်သူ မြို့ခံတစ်ဦးက ပြောသည် ။
၎င်းနေ့က ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် စသုံးလုံးရုံးဝင်း အုပ်တံတိုင်းပြိုကျပျက်စီးသွားပြီး ယခုပြန်လည် ဖါထေးထားကြောင်း သိရသည် ။