သိမ်းပိုက်ခံ လယ်ယာမြေများ ၅ နှစ်စာ ထွက်ရှိသီးနှံတန်ဖိုး၏ တဝက်သာ ရွှေရေနံ/ဂက်စ်စီမံကိန်းမှ လျော်ကြေးပေး

သိမ်းပိုက်ခံ လယ်ယာမြေများ ၅ နှစ်စာ ထွက်ရှိသီးနှံတန်ဖိုး၏ တဝက်သာ ရွှေရေနံ/ဂက်စ်စီမံကိန်းမှ လျော်ကြေးပေး
by -
သျှမ်းသံတော်ဆင့်

တရုတ်ပြည်တင်ပို့မည့် ရေနံ၊ ဂက်စ်ပိုက်လိုင်းများ ဖြတ်သန်းမည့် သျှမ်းပြည်မြောက်ပိုင်း လယ်ယာ မြေ ပိုင်ရှင် ဒေသခံများအား ၅ နှစ် အတွင်းထွက်ရှိ မည့် သီးနှံဈေးနှုန်းနှင့်ညီမျှသည့် လျော်ကြေးငွေ ထက်ဝက်ပေးလျော် ခဲ့ကြောင်း သိရှိရပါသည်။

“ပိုက်လိုင်းဖြတ်မှာက ရခိုင်ကနေ မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့ သျှမ်းပြည်နယ်ကို ဖြတ်ပြီးတရုတ်ပြည် ယူနန် ထဲကို သွယ်တန်း မှာလေ။ လျော်ကြေးက အခုအားလုံးမရသေးဘူး။နမ့်ခမ်းမြို့ နယ်ထဲက လယ်ယာမြေပိုင်ရှင် တွေဘဲ လျော်ကြေးရနေတာ” - ဟု ရွှေဂက်စ်လှုပ်ရှားမှုမှ ဂျက်စမင်းက ပြောပါသည်။
pipeline-through-paddy-field
လယ်ယာမြေ သီးနှံအထွက်နှုန်း၊ တည်နေရာတို့ကိုကြည့်၍ လယ်ယာမြေလျော်ကြေးအတွက် ဈေးနှုန်း သတ်မှတ် ပေးခြင်းဖြစ်ပြီး ၅ နှစ်အတွင်းထွက်ရှိမည့် သီးနှံတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကိုသာ ပေးလျော်ခဲ့ ကြောင်း၊ ကျန် တဝက်ကိုမူ မည်သည့် အချိန်တွင်ပေးလျော် မည်ကို ထပ်မပြောသေးကြောင်းနမ့်ခမ်း ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“အထွက်နှုန်းကောင်း၊ သီးနှံကြီးရင့်မှု ၊ မြို့ရွာနဲ့နီးရင် ၁ ဧက ကျပ် ၁၃၅ သိန်း(တရုတ်ငွေ ၁၀၅,၀၀၀ ယွမ်ခန့်ရှိ) ပေးလျော် တယ်။ ၅ နှစ်စာပေါ့နော်။ မြို့နဲ့ဝေးမယ် သီးနှံအထွက်ကောင်းတဲ့လယ်ယာတွေဆို ရင် တစ်ဧက ကျပ်သိန်း ၁၀၀ ပေါ့။ မြို့ရွာနဲ့ ဝေးတဲ့ တောင် ကုန်းတောင်စောင်းတွေရှိုမြောင်ချိုင့်ဝှမ်းတွေ မှာရှိ တဲ့လယ်တွေ ယာတွေဆိုရင်တော့ သီးနှံအထွက် ကောင်းကောင်း မကောင်း ကောင်း တစ်ဧက ကျပ်သိန်း ၆၀ ဘဲပေးမယ်။ လျော်ကြေးငွေတွေက ၅၀ ရာခိုင်နှုန်းဘဲပေးတာ။” - ဟု အဆိုပါ နမ့်ခမ်း ဒေသခံ အမျိုးသားကဆက်လက် ပြောသည်။

နမ့်ခမ်းဒေသခံ ဝန်ထမ်းတဦးကလည်း ပိုက်လိုင်းဖြတ်သန်းမည့်လယ်ယာမြေမှထွက်ရှိသော သီးနှံ လျော်ကြေး အတွက် - ဈေးနှုန်းx အထွက်နှုန်းx ကြီးရင့်မှုx ပျက်စီးမှုx လျော်ကြေးကာလ - ဟူ၍ ဖော်မြူလာဖြင့်ပေးမည်ဟု သတင်းထွက် နေ ကြောင်း ပြောသည်။

၎င်းနှင့်ပတ်သက်၍ ရွှေဂက်စ်မှ တာဝန်ရှိသူတဦးကလည်း - လယ်ယာမြေလျော်ကြေးပေးဆောင်ရန်ကျန် တဝက်မှာမူ တရုတ်ပြည် ပို့ဆောင်သည့် ဂက်စ်လုပ်ငန်းအောင်မြင်မှုအပေါ်မူတည်၍လုပ်ငန်းမအောင်မြင် ပါက လည်း ထပ်မံပေးလျော်ရန် အခြေအနေမရှိဟု ကုမ္မဏီဝန်ထမ်းများအသိုင်းအဝိုင်းမှကြားသိရ ကြောင်း ပြောသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ်းရွာနှင့် ကပ်လျက် တရုတ်ပြည်ဘက်ခြမ်းနောင်တောင်းရွာတွင်မူဂက်စ်ပိုက် လိုင်းဖြတ် သန်း မည့် လယ် ယာမြေ တစ်ဧက အတွက် ယွမ်ငွေနှစ်သိန်းခွဲ (မြန်မာငွေ ကျပ် သိန်း ၂၇၀ ကျော် နှင့်ညီမျှ) ပေးလျော်ကြောင်း၊ ထိုအပြင် အခြား နေရာရှိလယ်မြေကိုလည်းပြန်လည်အစားထိုးပေး လျော်ကြောင်း၊  အစိုးရထံအခွန်ဆောင်စရာ လည်းမလိုတော့ ကြောင်း၊ အဆိုပါ မြေပိုင်ရှင်များအား ဂက်စ်ပိုက်လိုင်းနှင့်ပတ် သက်သော ဆောင်ရန်ရှောင်ရန်နှင့် ဆိုးကျိုး ကောင်းကျိုးကို တရုတ် အာဏာပိုင်များ ရှင်းလင်းပြောပြခဲ့ သော်လည်း မြန်မာနိုင်ငံဖက်တွင်မူ ရှင်းလင်းပြောပြခြင်း မရှိကြောင်း နောင်ခမ်းဒေသခံများက ပြောသည်။

“ကျမတို့ကို ဂက်စ်ပိုက်လိုင်းချပြီးသွားရင် အဲ့ပိုက်လိုင်းဘေးပတ်လည်မှာ ပြန်ပြီး သီးနှံစိုက်လို့ရတယ် လို့ပြော တယ်။ ဒါပေမယ့်ဘယ် လိုသတိထားရမယ်။ ဘယ်လိုအန္တရာယ်ရှိမယ်လို့တော့ မပြောပြဘူး။ နောက်ပြီး ၅ နှစ်ကျော်သွားရင်တော့ လယ်ယာမြေခွန် ပုံမှန် ပြန်ဆောင်ရမယ်လို့လဲပြောတယ်။ ကျမတို့နိုင်ငံတော်အစိုးရက ပြည်သူတွေကိုဂရုမစိုက်ဘူး။ တရုတ်လိုမဟုတ်ဘူး၊ နောင်ခမ်း(သျှမ်းပြည် ဘက်ခြမ်း) နဲ့ နောင်ခမ်း (တရုတ် ဘက်ခြမ်း) က ခြံစည်ရိုးဘဲခြားတာ လျော်ကျေးငွေကထက်ဝက်ကွာ နေပြီ” ဟု အဆိုပါ နောင်ခမ်းဒေသခံ အမျိုးသမီးကပြောသည်။

သျှမ်းပါတီတခုဖြစ်သော ကျားဖြူပါတီဝင်များကမူ ဗဟုသုတ ရှင်းလင်းပြောပြခဲ့သော်လည်း လယ်ပိုင်ရှင် များ အနေဖြင့် လျော်ကြေး လက်ခံခဲ့ပြီးဖြစ်သဖြင့် မည်သို့မျှ မကူညီနိုင်ကြောင်း၊ သျှမ်းအမျိုးသားများ မပါဝင်သော(နမ့်ခမ်းမြို့နယ်) ကြံ့ဖွံ့ပါတီလည်း လူထုကြုံ တွေ့ရသော အခက်အခဲကိုလုံးဝ ဖြေရှင်းပေး ခြင်းမရှိကြောင်း နမ့်ခမ်းမြို့တွင်းရပ်ကွက်၌နေထိုင်သူ စီးပွါးရေးလုပ်ငန်းရှင်အမျိုးသားတဦးက လည်းပြောသည်။

၎င်းနှင့်ပတ်သက်၍ ရွှေဂက်စ်လှုပ်ရှားမှုအဖွဲ့မှ ဂျက်စ်မင်းက - “ ဒေသခံတွေကလျော်ကြေးကိုလက်ခံကြ ပြီလေ။ တချို့တောင်မှ အဲ့ ပိုက်ဆံတွေနဲ့ ကားတွေဘာတွေဝယ်စီးနေကြပြီဆိုတော့ ကျမတို့အနေနဲ့လဲ ထိထိရောက် ရောက် လုပ်ပေးနိုင်စွမ်းမရှိတော့ဘူး။ ကျမ တို့အဖွဲ့က အဲ့ဒီဒေသခံတွေကိုသွားပြောတယ်။ ကားဝယ်စီးရင် ၄-၅ နှစ် ၁၀ နှစ်ဆိုရင် အဲ့ကားပျက်စီးပြီပေါ့။ လယ်ယာခြံမြေ တွေက သားစဉ်မြေးဆက် လုပ်စား လို့ရတယ်။ ဘာလို့ အလဲခံသလဲပေါ့။ သူတို့ကအဲ့ဒီအကြောင်းမစဉ်းစားမိ ဘူးတဲ့။အဲ့လိုပညာ ပေး ဟောပြောပေးတဲ့သူလဲမရှိဘူးလေ” ဟု ပြောသည်။

အဆိုပါဂက်စ်ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းသည် ရခိုင်ပြည်မှ တရုတ်နိုင်ငံအထိ ၂၂မြို့နယ်ဖြတ်သန်းမည် ဟု  Shwe Gas အဖွဲ့က ဆိုပါသည်။ သို့သော် Earth Right International အဖွဲ့က ၁၈ မြို့နယ်ဖြတ် သန်းမည်ဟု ၎င်းတို့၏ အစီရင်ခံစာတွင်ဖော်ပြထား သည်။ သျှမ်းပြည်အတွင်း၌မူ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ နမ္မတူ၊ နမ့်ခမ်းနှင့်မူဆယ် ရ မြို့နယ်ကိုဖြတ်သန်းမည်ဖြစ် ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း၌မူ ၉ ရွာ လူ ၈၆ ဦး၏ လယ်ယာမြေကိုဖြတ်သန်း၍ပိုက်လုံးချနေသည်ဟုသိရ သည်။ ၎င်းတို့သည် ဝိန်းကန်း ရွာ၌ ၄ ဦး၊ ဝမ့်မိုင်ရွာ၌ ၃ ဦး၊ နမ့်မ ၁၂ ဦး၊ ဟိုပုံ ၂၀ ဦး၊ လွယ်ကန် ၂ ဦး၊ နောင်တိန်းရွာ ၅ ဦး၊ နောင်မ ၃ ဦး၊ နောင်ခမ်း၂၉ ဦးနှင့် နမ့်ခမ်းမြို့အတွင်း ၈ ဦး တို့ဖြစ်ကြောင်း နမ့်ခမ်းဒေသခံကပြောသည်။

နမ့်ခမ်းဒေသခံများအတွက် လျော်ကြေးကိုမူ  ပြီးခဲ့သည့် စက်တင်ဘာလကစ၍ ပေးနေသည်ဟုလည်း သိရပါသည်။

မြန်မာ- တရုတ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို တရုတ် အစိုးရ ပိုင်“တရုတ်အမျိုးသားရေနံ ကော်ပို ရေးရှင်း China National Petroleum Corporation (CNPC) က ၂၀၁၀ ပြည့်နှစ်တွင် လုပ်ငန်းတာဝန် စတင်ခဲ့ပြီး လာမည့် ၂၀၁၃ ခုနှစ် အပြီး တည်ဆောက်မည်ဖြစ်သည်။

Most read this week