သျှမ်းပြည်အရှေ့ပိုင်း မိုင်းလား၌ သျှမ်းနှစ်သစ်ကူး ပွဲတော်ကို ၁ ပတ်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရ ရက်တိုင်တိုင် ကြီးကြီးကျယ်ကျယ် ကျင်းပမှာဖြစ်တယ်။ မဟာမိတ်တပ်ဖွဲ့ တွေနဲ့ ခင်ရာမင်ရာ ပုဂ္ဂိုလ်တွေ၊ဂုဏ်သရေရှိ သူတွေတချို့ကိုလဲဖိတ်ထားတယ်” - ဟု မိုင်းလားအရာရှိတဦး ကပြောသည်။
မကြာခင်က မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသဘောတူညီမှုရရှိထားသော သျှမ်းပြည် အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွင် ၂၆ ရက်နေ့၌ ကျရောက်သော ၂၁၀၆ ခုသျှမ်း နှစ်သစ်ကိုကြိုဆို သည့် ရိုးရာပွဲတော်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သံလွင်အနောက်ခြမ်းမှ နာမည်ကြီးသျှမ်းအဆိုတော်တဦးနှင့်အတူ ထိုင်းနိုင်ငံအခြေစိုက် သျှမ်းလူငယ်များ တီးဝိုင်းက ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။
“ပွဲအစည်ဆုံးနေ့က ၂၄-၂၆ ရက် ပေါ့။ ထိုင်းဘက်က ဧည်သည်တွေတော့ အလာနည်းမယ်ထင်တယ်။ ကျိုင်းတုံနဲ့ မိုင်းလား အကြား တာ့ပင်း ဂိတ်မှာ နိုင်ငံခြားသား တိုး(Tour) ကားတွေကို ဖြတ်ခွင့် မပြု သေးဘူး။ သျှမ်းနှစ် သစ်ကူးတခုကိုဘဲလုပ်မှာမဟုတ်ပါဘူး။ နောက်လထဲမှာကျမယ့် လွယ်လ လူမျိုး တို့ရဲ့ ကောက် သစ်စားပွဲလုပ် မယ်။ တခြား လားဟူ၊ အခါ နှစ်သစ်ကူးပွဲတွေကိုလဲ အချိန်အခါလိုက် ကျင်းပသွားမှာဖြစ်တယ် ” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
၂၁၀၅ နှစ်အကုန် ၂၁၀၆ နှစ်သစ်ကိုကြိုဆိုသည့် သျှမ်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို သျှမ်းပြည်တွင်း မြို့ကြီး များ၌သာမက ရန်ကုန်၊ မန္တလေးရောက် သျှမ်းမိသားစုများ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖင်လန်၊ အမေရိကန်၊ အင်္ဂလန် စသည့် ပြည်ပရောက် သျှမ်းမိသားစုများကလည်း ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
ပြည်တွင်းရှိတချို့မြို့နယ်တွင်မူ မတည်ငြိမ်သော အခြေအနေကြောင့် နေ့ခင်းပိုင်းတွင်သာ ပွဲတော် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ စင်္ကာပူနိုင်ငံသျှမ်းမိသားစုကမူ သျှမ်းနှစ်သစ်ကူးပွဲကို ပြီးခဲ့သည့် (၂ ပတ်) နိုဝင်ဘာ ၁၂ ရက် စနေနေ့ကတည်းကပင် ကျင်းပပြုလုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။