သျှမ်းပြည်မြောက်ပိုင်း၌ မြန်မာစစ်တပ် တပ်ပြေး တစ်ဦးက ဒေသခံတဦးထံ ကျပ်ငွေသိန်းချီဓါးပြ တိုက်ကာ ဆက်လက် ထွက်ပြေး လွတ်မြောက်နေ သောကြောင့် ဒေသခံများလုံခြုံမှု အတွက်စိုးရိမ် နေကြောင်း မြို့ခံများကပြောသည်။
“ မိုင်းယင်က ခမရ ၃၂၄ လေ။ ထွက်ပြေးတာက တပ်သားအိုက်မောင် တဲ့။ လက်နက်တလက်လဲပါတယ်။ ည ၈ နာရီမှာ တပ်ကထွက်ပြေးတယ်။ စိုင်းဆန်ဆောအိမ်ကို ဝင်ပြီး ဓါးပြတိုက်သွားတယ်” - ဟု ဒေသခံ တဦးက ပြောသည်။
ယခုလ ၁၂ ရက်ည ၈ နာရီကျော် က နမ့်တူမြို့နယ် မိုင်းယင်အုပ်စုအခြေစိုက် မြန်မာစစ်တပ်မှတပ်သား တဦးက လက်နက်အပြည့် အစုံဖြင့် တပ်မှ ထွက်ပြေးကြောင်း၊ မိုင်းယင်အုပ်စု ရပ်ကွက် ၄ က စိုင်းဆန်ဆော(ဆန်စက်) အိမ်အား ပိုက်ဆံ ကျပ်ငွေ ၅ သိန်း ဝင်ရောက် ဓါးပြတိုက်သွားကြောင်း -နီးစပ်သည့်အသိုင်း အဝိုင်းကပြောသည်။
အဆိုပါ တပ်ပြေးအား ထိုဒေသတဝိုက်လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်သွားရောက် ပူး ပေါင်း မည်ဟု ထင်မှတ်စိုးရိမ်ကာ ၎င်း၏တပ်ခွဲမှူး ဗိုလ်ကြီးဇေယျာလင်းကချက်ချင်းလိုက် မရှာရဲသဖြင့် ထိုသို့ ဖြစ်ရခြင်းဖြစ် ကြောင်း ဒေသခံများက ပြောဆိုကြသည်။
မိုင်းယင်ဒေသခံတဦးကလည်း - “ ည ၉ နာရီကျော်မှ ဗမာစစ်တပ်က ကသောကမျောကြီး လိုက်ရှာတာ ဘယ်တွေ့ တော့ မှာလဲ။ ဟိုက ထွက်ပြေးတာ ဘယ်အထိတောင် ရောက်နေပြီလဲမှမသိတာ။ ရွာပြင် တောစပ်မှာ သေနတ် ဒိုင်းဒိုင်းဒင်းဒင်း ပစ်ပြီး သူတို့စခန်း ပြန်သွားကြတယ်။မိအောင်မဖမ်းဘဲ လွတ်ထားရင် အဲ့ကောင် သူ့ပိုက်ဆံကုန်သွားရင် ဓါးပြဆက်တိုက် စားကို စိုးရိမ်ရတယ်” ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။
တပ်ပြေးများအား ပြန်လည်ဖမ်းဆီးရမိပါက အနည်းဆုံး ထောင်ဒဏ် ၁ နှစ် ၂နှစ်ကျခံရမည်ဖြစ်ကြောင်း၊ ယခင်က လည်း ကလေးစစ်သားများသာ အများစုထွက်ပြေးကြပြီး ဖမ်းမိသောတပ်ပြေးများအား မည်သည့် ထောင်သို့ ပို့ဆောင်ကြသည် မသိဘဲ ပျောက်ဆုံးသွားလေ့ရှိကြောင်း တပ်တွင်းမိသားစုနှင့် နီးစပ်သည့် နမ့်တူဒေသခံတဦးကလည်း ပြောသည်။
ယခုလက်ရှိ တိုက်ပွဲဖြစ်ပွါးနေသော ကရင်၊ သျှမ်းနှင့် ကချင်ပြည်ရောက် မြန်မာစစ်တပ်မှစစ်သားများအများ ဆုံး ထွက်ပြေး ကြကြောင်း စစ်ရေးလေ့လာသည့်ပုဂ္ဂိုလ်များက သုံးသပ်ပြောဆိုသည်။
နအဖစစ်အစိုးရလက်ထက်က ဗမာ့တပ်မတော်တွင် စစ်အင်အား ၄ သိန်းရှိပြီး ပျှမ်းမျှ ၄ လ လျှင်တပ်ပြေးအ ယောက် ၁ သောင်းခန့် ထွက်ပြေးနေသည်ဟု ဒီမိုကရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု NDD က ထုတ် ပြန်ခဲ့ဖူးသည်။