သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဗန်းမော်ကားလမ်း ရှိ မန့်ဝိန်းကြီးအနီးမြန်မာစစ်ယာဉ်တန်းခြုံခိုတိုက် ခိုက်ခံ ရပြီးနောက် ဒေသခံများတရုတ်ဖက်ခြမ်း သို့လည်းကောင်း၊နမ့်ခမ်းဖက်သို့လည်းကောင်း ထွက်ပြေးတိမ်း ရှောင်ကုန်ကြောင်း နမ့်ခမ်း ဒေသခံများကပြောသည်။
“ မန့်ဝိန်းကြီးကနေ အထက်ကိုတက်သွားတဲ့ ဗမာစစ်ယာဉ်တန်းကို ကချင်တပ်က ခြုံခိုတိုက်ခိုက်တာ။ ဗမာစစ်သား ၃၀ ကျော်သေတယ်လို့ ကြားတယ်။ မန့်ဝိန်းကြီးအထွက် ကန်တော့ကောင်း ဆိုတဲ့နေရာမှာပေါ့။ လူတွေလန့်ပြီး ထွက်ပြေးကြ တယ်။ ခုရွာထဲမှာ ၃ အိမ် လောက်ဘဲကျန်တယ်” ဟု နမ့်ခမ်း ဒေသခံအမျိုးသမီး တဦးကပြောသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (နိုဝင်ဘာ ၆ ရက်နေ့)က နမ့်ခမ်းမှထွက်သွားသည့် အဆိုပါ မြန်မာစစ်ယာဉ်တန်းအား မနက် ၁၀ နာရီ မိနစ် ၃၀ ခန့်က KIA ကချင်တပ်က မန့်ဝိန်းကြီးအုပ်စု မန့်ခိုင်ထောက်ရွာ၌ခြုံခိုတိုက်ခိုက်ခံရ ခြင်းဖြစ်သည်။
“ စာအုပ်နီရှိတဲ့လူတွေက တရုတ်ပြည်ဖက်ကို ထွက်ပြေးတယ်။ စာအုပ်နီမရှိတဲ့လူတွေနဲ့ ဗမာပြည်ကလာတဲ့ ကျောင်းဆရာ မ တွေက နမ့်ခမ်းမှာရှိတဲ့ အမျိုးတွေဆီ သွားရောက် ခိုလုံကြတယ်။ အဲဒီလိုထွက်ပြေးတဲ့လူတွေ တထောင်ကျော်တယ်လို့ ရွာ အကြီးအကဲတွေကပြောတယ်။ ဒေသခံတွေက ကချင်နဲ့သျှမ်းပေါ့။ ခုတော့အဝင် အထွက် ဗမာတပ်က ပိတ်ထားတယ် ” ဟု ဆို၏။
ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အဆိုပါစစ်ယာဉ်တန်း နမ့်ခမ်းသို့ ပြန်လှည့်လာကြောင်း၊ အင်အားဖြည့်သည့်မြန်မာ စစ်ယာဉ် တန်း ၈ စီးလည်း နမ့်ခမ်းသို့ထပ်မံရောက်ရှိလာကြောင်း ၊ သို့သော် မည်သည့်အရပ်ကလာသည့် တပ်များဖြစ်သည်ကိုမူ မသိကြောင်း အဆိုပါ အမျိုးသားက ဆက်လက်ပြောပြသည်။
အဆိုပါနေ့၌ပင် မူဆယ်နှင့်နမ့်ခမ်းကြား မန့်ကန့်ရွာနှင့် ကုန်းဆာရွာကြား သေနတ်သံလက်နက်ကြီးသံကြား ရပြီးနောက် မြန်မာစစ်ကား ၄ စီး (တစီးလျှင် အင်အား ၃၀ ကျော်ပါ) နမ့်ခမ်းမြို့ထဲသို့ ဝင်လာသည်ဟုဆို၏။ မန့်ကန်ရွာနှင့် ကုန်းဆာရွာ ကြားတွင် ကွင်းပြင်ဖြစ်သည့်အပြင် ကချင်တပ်ဖွဲ့အားလုံး ရံဖန်ရံခါပြင်မတွေ့ရ သောကြောင့် ခြုံခိုတိုက်ခိုက်ခြင်း မဖြစ်နိုင် ကြောင်း၊ မြန်မာစစ်တပ်ကပင် ဗုံးခွဲ၊ မိုးပေါ်သေနတ် ထောင်ပစ်၍ တိုက်ပွဲအတုဆင််ခြင်းသာဖြစ်နိုင်ကြောင်း နမ့်ခမ်းဒေသခံများက သုံးသပ်ပြောဆိုနေကြသည်။
မြန်မာအစိုးရကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ငြိမ်းချမ်းရေးအတွက်ဆွေးနွေး ခဲ့ဖူး သော် လည်း သဘောတူညီမှုမရရှိဘဲ ယနေ့တိုင် ပစ်ခတ်တိုက်ခိုက်နေကြဆဲဖြစ်သည်။