ယခုနှစ် တန်ဆောင်တိုင်ပွဲတော် လောင်းကစားဝိုင်းများဖြင့် ပြည့်နှက်

ယခုနှစ် တန်ဆောင်တိုင်ပွဲတော် လောင်းကစားဝိုင်းများဖြင့် ပြည့်နှက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြို့တော်တောင်ကြီး၌နှစ်စဉ်ကျင်းပမြဲ ဖြစ် သော လူစည်ကားလှသည့်တန်ဆောင်တိုင်ပွဲ တော် အတွင်း ၂၀၀၈ ဥပဒေနှင့်ဆန့်ကျင်စွာ လောင်းကစား ဝိုင်းများပေါများလှကြောင်း တန်ဆောင်တိုင်ပွဲဝင် ပရိသတ်တဦးကပြောသည်။

Tazaungtaing
“လောင်းကစားဝိုင်းဟာ ဥပဒေနဲ့မလွတ်ကင်းဘူးလို့ ဖွဲ့စည်းပုံမှာပြောထားတယ်။   ကျနော်တို့ သျှမ်းပြည် အစိုးရ အဲ့ဒီဖွဲ့ စည်း ပုံတွေကို ဘယ်မှာသွားထားလိုက်ပြီလဲမသိပါဘူးဗျာ။ ခါတိုင်းနှစ်တွေမှာလဲလောင်းကစား ဝိုင်း ရှိပေမယ့် ဒီနှစ်ကျ တော့ အစိုးရသစ်ရှိပြီဆိုတော့  ရိုးရာပွဲကသန့်သန့်လေးဖြစ်သင့် တယ်လေ။  ခုဟာက ခါတိုင်းနှစ်ထက်တောင် ပိုများ နေတယ် ” ဟု တန်ဆောင်တိုင်ပွဲရောက် သျှမ်းပြည်မြောက်ပိုင်းမှမျိုးချစ်ပုဂ္ဂိုလ် တဦးကပြောသည်။

အဆိုပါ လောင်းကစားဝိုင်းပေါင်း ၁၀၀  ကျော်မှအခွန်များကို သျှမ်းပြည်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ပေးသွင်းရ သည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ကျားဖြူပါတီဝင်တဦးကလည်း ပြောသည်။

“လောင်းကစားဝိုင်းကို ကန်ထရိုက်ဆွဲတာ PNO ပအိုဝ်းအဖွဲ့အစည်းကလို့ပြောတယ်။ ဂုံဂင်း ခုံတခုံ အခွန်ငွေ ကျပ်သိန်း ၂၀ ပေးသွင်းရတယ်။ ပွဲပြီးတဲ့အထိပေါ့။ ပွဲက ၃ ရက်နေ့ကနေ ၁၀ ရက်နေ့ အထိ လေ” ဟုလောင်း ကစားဝိုင်း ဒိုင်တဦးကလည်းဆို၏။

ယခင်နှစ်များက တန်ဆောင်တိုင်ပွဲကို တက္ကသိုလ်ကျောင်းဝင်းတဝိုက်နှင့်စူဠာမုနိလောကချမ်းသာဘုရားအနီး တဝိုက် တို့တွင်ကျင်းပခဲ့သော်လည်း ယမန်နှစ်မှစ၍ တောင်ကြီးတက္ကသိုလ်တောင်ဖက်အဝေရာကုန်းသာကွင်း ၌ ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲ ၌လောင်းကစားဝိုင်းများ ပေါများသကဲ့သို့ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့၌ ငြိမ်းချမ်းရေး ပွဲတော်ဟုအမည်တပ်ကာ တနင်္ဂနွေနေ့ကစ၍  ၅ ရက်ကျင်းပရာ၌ လောင်းကစားဝိုင်းများ နှင့် စည်ကားလှကြောင်း တောင်ကြီးရောက် မိုင်းရယ်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါ ငြိမ်းချမ်းရေးပွဲတော်မှ လောင်းကစားဝိုင်းများအား ကန်ထရိုက်ဆွဲသူမှာ အသွင်ပြောင်း သျှမ်းလက် နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် ဦးလွယ်မောဝ်တို့အဖွဲ့ဖြစ်ကြောင်း အဆိုပါဒေသခံကပြောသော်လည်းသီးခြား အတည်ပြုချက် မရရှိသေးပေ။

ဦးသိန်းစိန် အစိုးရ အာဏာရ ပြီး ၄ လ အကြာ ဂျူလိုင်လက - ၁- ရန်ကုန်မြို့တွင်းကာရာအိုကေဆိုင်များပိတ် ရန်၊ ၂- အရက်စွဲ၊ အကျင့်ပျက် အစိုးရဝန်ထမ်းများ မိမိကိုယ်ကို အချိန်မီပြုပြင်ရန် (သို့မဟုတ် အလုပ်ထုတ်ပစ် ရန်) ၊ ၃- လောင်းကစားမှု ပပျောက်ရေးစီမံကိန်း အတွက် ကော်မတီ အသီးသီးဖွဲ့စည်းပေးခဲ့သည်။