ရွှေတြိဂံလူသတ်မှု ပဟေဠိဖြစ်နေဆဲ

ရွှေတြိဂံလူသတ်မှု ပဟေဠိဖြစ်နေဆဲ
by -
သျှမ်းသံတော်ဆင့်

ပဟေဠိဖြစ်နေဆဲဖြစ်သော မဲခေါင်မြစ်အတွင်း တရုတ် စက်လှေ ၂ စီးပြန်ပေးဆွဲခံရမှုတရုတ်နိုင်ငံ သား ၁၃ ဦးပစ်သတ်ခံရမှု နှင့် ပတ်သက်၍  တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး Mr Song Tao  က လာအို (လောဝ်)၊ ထိုင်း နှင့် မြန်မာသံအမတ်များ ကို ခေါ်ယူကာ တရားခံ အမြန်ဆုံးဖမ်းဆီးရမိရေး၊ ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်ပေးရေးအတွက်ပြော ဆိုတိုက် တွန်းလိုက်ကြောင်း နယ်စပ်ထိုင်းလုံခြုံရေး အရာရှိများအသိုင်း အဝိုင်း ထံမှ ကြားသိရသည်။

Song_Tao

“ပြီးခဲ့တဲ့ ၃-၄ ရက် က ဆင့်ခေါ်ပြီးပြောတယ်။ တရားခံအမြန်ဆုံး တောနင်းရှာဖို့၊ ထိုက်တန်တဲ့ ပြစ်ဒဏ်ပေးဖို့ပေါ့။ သောကြာ နေ့က ကျနော် (ထိုင်း)တို့က မြန်မာ၊ လောဝ်တို့ နဲ့ ပူးပေါင်းရွှေတြိဂံအောက်ဖက် နဲနဲကျတဲ့ ကိန်းဆဲန် ကနေ အထက်ဘက် မဲခေါင်မြစ် တလျှောက်တွေ့သမျှလှေတွေကို အကုန်ခေါ်ပြီး တရုတ် လက်ကို အပ်ပေးလိုက် တယ်။ မြန်မာဖက်က စစ်သည် အင်အား ၆၀ ကျော်က လုံခြုံရေးယူပေးတယ်။  အစီးတစ်ရာကျော် ပြန်ပို့ပေးနိုင် ခဲ့တယ်” ဟု အဆိုပါ အရာရှိကပြောသည်။

အောက်တိုဘာ ၁၃ ရက် က ဘေကျင်းရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ ဆုန့်ထောဝ် မှ တရုတ် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ၊ လာအိုဝ်(လောဝ်) နိုင်ငံသံအမတ်ကြီးများ၊ ထိုင်းနိုင်ငံ ယာယီသံအမတ်(Charge D Affaires)  ၊ သံအရာရှိများအား ဆင့်ခေါ်ကာ ရွှေတြိဂံဒေသ တရုတ်လူမျိုးများအသတ်ခံရမှု နှင့် ပတ်သက် ၍ တရားခံအမြန်ဆုံး ရှာဖွေပြီး ထိုက်သင့်သည့်ပစ်ဒဏ်ပေးရန် သတိပေးခဲ့ကြောင်း ထိုင်းလုံခြုံရေး အရာရှိတဦးက ပြောပါသည်။

ယခုလ ၅ ရက်က တရုတ်စက်လှေ ၂ စီး ပြန်ပေးဆွဲခံရမှု၊ တရုတ်အမျိုးသား ၁၂ ဦးအသတ်ခံရ (၁ ဦးပျောက် ဆုံး) မှုကြောင့် ၁၀ ရက်နေ့မှစ၍ တရုတ်ပြည် ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြန်မာ-ထိုင်း- လာအို ရွှေတြိဂံအထိ မဲခေါင်မြစ်အတွင်း ကုန်တင်၊ ခရီးသည်တင်စက်လှေများ ပြေးဆွဲခြင်းကိုတရုတ်အာဏာ ပိုင်တို့က ပိတ်ပင်ခဲ့သည်။

စက်လှေအားပြန်ပေးဆွဲမှု၊ တရုတ်အမျိုးသား ၁၂ ဦးအား ရက်ရက်စက်စက် သတ်ဖြတ်မှုမှာ ထိုဒေသတဝိုက် လှုပ်ရှားနေ သော MTA လက်ကျန် စိုင်းနော်ခမ်းအဖွဲ့၏ လက်ချက်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပြီး နောက် သတ်ဖြတ်မှုမှာ မိမိတို့ လက်ချက်မဟုတ်ကြောင်း၊ မြန်မာစစ်တပ်၏လက်ချက်ဖြစ်ကြောင်း၎င်းနှင့် ရင်းနှီးသည့် ကုန်သည်များအား စိုင်းနော်ခမ်း ကိုယ်တိုင်ပြောပြသည်ဟု နီးစပ်သည့်အမည်မဖေါ်လိုသူတဦး ကပြောသည်။

“ဒါပေမယ့် လှေကိုပြန်ပေးဆွဲတာက သူမဟုတ်ဘူး လို့ တော့ မပြောဘူး။ ဒီအချက် စဉ်းစားစရာပေါ့။ ဒီစက်လှေ ၂ စီးထဲက ၁ စီးဟာ ကင်းရိုးမဲန်းစ် ပိုင်ရှင်ကျောက်ဝေရဲ့မိတ်ဆွေ အားမင်ဆိုသူရဲ့လှေလေ။ အဲ့ဒီအားမင်ဆိုတာက နော်ခမ်းကိုပေးစရာ အခွန်အကြွေး ထိုင်းဘတ်ငွေ ၂၄၀ သန်း( = အမေရိကန်ဒေါ်လာ ၈ သန်း)  ရှိတယ်လို့သတင်း ထွက်နေတာ။ အဲ့တာ ကြောင့် သူ့လှေကို နော်ခမ်းက ပြန်ပေးဆွဲတာဖြစ်နိုင်တယ်လို့ သတင်းတွေကြားနေရ တယ်” ဟု ဆို၏။

Yu Xing 8 စက်လှေပိုင်ရှင် အားမင်ဆိုသူသည် ကျောက်ဝေ၏ အမျိုးသမီး မဒမ်ဇူး နှင့် တနယ်တည်းသားချင်း ဖြစ်ပြီး တရုတ်ပြည်အရှေ့ပိုင်း ဟေလုံ ကျိုင်းဒေသဇာတိဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါစက်လှေထဲမှ ယာဘ ဆေးပြားများမှာ မဒမ်ဇူးနှင့် အားမင်တို့ပူးပေါင်းသည့်ပစ္စည်းဖြစ်နိုင်ကြောင်း  အချို့က ပြောသည်။ 

တချိန်တည်းမှာပင် ထိုင်းဖီဘီအက်စ် ရုပ်မြင်သံကြားမှ  အင်တာဗျူးစဉ် ကျောက်ဝေက - “ ကျနော်က  King Romans Casino  ကို ဒေါ်လာသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံခဲ့ပြီးပြီ။ ဒီဘာမဟုတ်တဲ့ ယာဘအရေအတွက်လောက်နဲ့ ကျနော့်လုပ်ငန်းကြီးကို  အဖျက်မခံနိုင်ဘူး။ ဒီတော့ ဒီပစ္စည်းတွေဟာ ကျနော့ပစ္စည်းမဟုတ်ဘူး”ဟုပြောကြား ခဲ့ သည်။

အဆိုပါ လှေပေါ်ပါ ယာဘဆေးပြား ၉ သိန်းကျော်မှာ ဝ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေဖက်မှလာ သော ဆေး ပြားများဖြစ်ကြောင်း ထိုင်းမီဒီယာတချို့က ပြောဆိုသော်လည်း ယမန်နှစ်မကုန်ခင်ကတည်းက ယခုနှစ်ဦးပိုင်း အထိ မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု၌ ဝ နှင့်မိုင်းလားတို့မှာ တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းလက်တွဲလှုပ်ရှားခဲ့သဖြင့် ထိုင်း မီဒီယာများပြောဆိုနေသကဲ့သို့ မဖြစ်နိုင်ကြောင်း  နယ်စပ်လုံခြုံရေး တရုတ်အာဏာပိုင်များက တုန့်ပြန်ပြောဆိုသည်ဟု လည်း အဆိုပါ ထိုင်းအရာရှိက သျှမ်းသံတော်ဆင့်အား ဆက်လက်ပြောပြသည်။