KIA ဝင်ရောက်ပစ်ခတ်ပြီးနောက် လားရှိုးလူထု လုံခြုံရေးစိုးရိမ်

KIA ဝင်ရောက်ပစ်ခတ်ပြီးနောက် လားရှိုးလူထု လုံခြုံရေးစိုးရိမ်
by -
မွေခေါဝ်

အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ ခမရ ၅၀၇ အား ကချင် လွတ်လပ်ရေး တပ်မတော် KIA ဝင်ရောက် ပစ်ခတ်ပြီးနောက် လားရှိုးမြို့အတွင်းလုံခြုံရေး စိုးရိမ် နေရကြောင်း သိရသည်။

“၈ နာရီခွဲနောက်ပိုင်းဆိုရင် တိတ်ဆိတ်လွန်းလို့ လားရှိုးက မြို့ပျက်ကြီးကျနေတာဘဲ။ ဒါတောင် လားရှိုးက မြို့ကြီးနော်။ မြို့ခံတော်တော်များများ အပြင်မထွက်ရဲကြဘူး” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောပါသည်။
lashio
စက်တင်ဘာ ၂၉ ရက် မနက် ၁၁:ဝဝ နာရီခန့် လားရှိုးမြို့ ဆင်ခြေဖုံးရပ်ကွက် ဝမ့်အိုင်နေကျေးရွာရှိ ခမရ ၅၀၇ တပ်ရင်း အား KIA က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ကင်းစောင့်တပ်သား ၂ ဦး ဒဏ်ရာရကြောင်း လားရှိုး ဒေသခံ နောက်တစ်ဦးကလည်း ဤကဲ့သို့ ပြောပါသည်။

“ခမရ ၅၀၇ က စစ်သားအားလုံးနီးပါး SSA မြောက်ပိုင်းဘက်နဲ့ ကွတ်ခိုင်ဘက်ကို ရှေ့တန်းထွက်သွားကြပြီ။ တပ်ထဲမှာ ဘယ်သူမှမရှိတော့ဘူးလို့ KIA က သတင်းရတော့ အဲဒီတပ်ကို သွားတိုက်တာ။ အခြေအနေအရ ကင်းစောင့်တပ်သား ၂ ယောက်ဘဲ ဒဏ်ရာရတယ်။ တပ်ထဲကိုတော့ ဝင်မစီးလိုက်ဘူး။”

ထို့နောက်ပိုင်း လားရှိုးမြို့ပေါ် ကားအသွားအလာ ခရီးသည်များအား အာဏာပိုင်က တင်းကြပ်စွာ စစ်ဆေးကြောင်း၊ လူ နေရပ်ကွက်ရှိ မသင်္ကာသည့် နေအိမ်များအား ရှောင်သခင်စစ်ဆေးကြောင်း၊ ဒေသခံများကလည်း စစ်ရေးအခြေ အနေ ကြောင့် မိမိလုံခြံုရေးအတွက် ညအပြင်မထွက်ရဲဘဲ ညပိုင်း မြို့တစ်ခုလုံး ဆိတ်ငြိမ်နေကြောင်းလားရှိုး ဒေသခံများ ပြော ပြချက်အရ သိရသည်။

ထို့အတူ သျှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ထိန်းချုပ်နယ်မြေအတွင်း၌ မြန်မာအစိုးရတပ် ထိုးစစ်ဆင် တိုက်ခိုက် နေ သောကြောင့် ပြည်ထောင်စုလမ်းမ (မူစယ်-လားရှိုး-မန္တလေးလမ်း) ပေါ် ရှိ လမ်းတံတားများ အဖျက်ဆီးမခံရစေရန် အစိုးရ တပ်က လုံခြံုရေး အထူးတင်းကြပ်ကြောင်းကားဆရာတစ်ဦးကလည်းဤသို့ ပြော ပြပါသည်။

“လားရှိုး-မူစယ်လမ်းတလျှောက် တမိုင်စီခြားပြီး စစ်သားအယောက် ၄၀ ကနေ ၆၀ အထိလုံခြုံရေးချထား တယ်။ တနေရာ မှာဘဲ မနေဘူး။ လျှောက်သွားလျှောက်လာနဲ့ နေရာချင်း အဖွဲ့ချင်းလဲပြီး စောင့်နေတာ”

ထို့အတူ လွန်ခဲ့သည့် စက်တင်ဘာ ၃၀ ရက်က မူစယ်မြို့မှ မုံးကိုးမြို့နယ်ခွဲသို့မှတ်ပုံတင်လုပ်ပေးရန်ဒေသခံ ပြည်သူ့ စစ် တို့၏ကားဖြင့်သွားသည့် ခရိုင်လဝကမှူး ဦးရဲဝင်း၊ မုံးကိုးမြို့နယ်ခွဲ လဝကမှူး ဦးရဲဝင်(နာမည်တူ) တို့အား KIA တပ်ဖွဲ့ က ခြံုခိုတိုက်ခိုက်ရာ ကားဆရာတစ်ဦးသာ ဒဏ်ရာရ သေဘေးမှလွတ်မြောက်သွား ကြောင်း၊ မူစယ်ခရိုင် လဝကမှူး ဦးရဲဝင်း ရုပ်အလောင်းအား ပြီးခဲ့သည့် တနင်္လာနေ့က သဂြိုလ်ကြောင်း မူစယ်ဒေသခံများပြောပြချက် အရ သိရပါသည်။

Most read this week