ယခုလဆန်းက ဝပြည်သွေးစည်းညီညွတ်ရေးပါတီ မှ အကြီးအကဲများနှင့် အစိုးရ ကိုယ်စားလှယ်များ လားရှိုး၌တွေ့ ဆုံရာ တွင် နှစ်ဦး နှစ်ဖက်လိုအပ် ချက် များ ဆွေးနွေးခဲ့ကြရာ ဝ နှင့် တရုတ် ဆက် ဆံရေး နေပြည်တော်အစိုးရ စွက်ဖက်မည်မဟုတ် ဟူသည့် အချက်လည်း ပါဝင်ကြောင်းတက်ရောက် သူများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးကပြော ပါသည်။
“မြန်မာအစိုးရကိုယ်စားလှယ်ဖက်က ၈ ယောက်တက်တယ်။ ကျနော်တို့ဖက်က ဒုဥက္ကဌ ရှောင်မင်လျန် ဦးဆောင် ပြီး ၁၀ ယောက်ကျော် တက်တယ်။ ပထမအကြိမ်ဆွေးနွေးပြီး မကြာခင် သူတို့ပို့လာတဲ့ အချက် ၅ ချက် ကို ဆွေးနွေး တယ်။ ၀ - တရုတ် ဆက်ဆံရေးကို မြန်မာအစိုးရက စွက်ဖက်မှာမဟုတ်လို့ ပြောလာသလို၊ ကျနော်တို့ ဖက်ကလဲ အဲဒီအချက်ပါဝင်တဲ့ အချက် ၁၄ ချက်ကိုတောင်းဆိုတယ်” - ဟု ပန်းဆန်းနေ အဆိုပါ အရာရှိက သျှမ်းသံတော်ဆင့်အားပြောပြသည်။
တွေ့ဆုံနွေးပွဲ၌ မြန်မာအစိုးရဖက်က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း၊ အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် အောင် ကျော်ဇော၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် စဝ်အောင်မြတ် နှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးတိုင်းဦး စီး အဖွဲ့ ခွန်ထွန်းလူတို့ ပါဝင်ကြောင်း အဆိုပါ အရာရှိက ဆက်လက်ပြောပြသည်။
တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၁ ရက် မနက် ၉ နာရီမှ နေ့ခင်း ၁၂ နာရီအထိ လားရှိုးမြို့အဝင် ပြည် နယ် စိုက် ပျိုး ရေးရုံး၌ ကျင်းပပြီး တက်ရောက်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ အကြီးအကဲများမှာ ဒု ဥက္ကဌ ရှောင်မင်လျန် ၊ ပေါက်ယိုလျန်၊ ကျောက်ကော်အန်း၊ တာ့အိုက်လုံ့၊ လီကျူးလျဲ့ ခေါ်ဦးအောင်မြင့်တို့ ဦးဆောင်သည့် အင်အား ၁၀ ယောက် ကျော်ပါဝင်ခဲ့ကြခြင်းဖြစ်သည်။
“စက်တင်ဘာလ ၁၇ ရက်ကတည်းက သူတို့ပို့လာတဲ့ အချက် ၅ ချက်ဆိုတာက - ၁။ ဝ နယ်ထဲကို အစိုးရဝန် ထမ်း တွေပြန်ပို့မယ်၊ ၂။ ဝ နယ်ထဲကို အရင်ကအတိုင်း ကုလသမဂ္ဂအဖွဲ့အစည်း၊ အစိုးရမဟုတ်တဲ့အဖွဲ့ အစည်း တွေ ပြန်လည် ပို့ဆောင်မယ်၊ ၃။ အစိုးရရဲ့ မူးယစ် ဆေး တိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်းမှာ ၀ တပ်ဖွဲ့၊ ပါတီ ကနေ လက်တွဲပူးပေါင်းစေလို တယ်၊ ၄။ အစိုးရကတားမြစ်ပိတ် ပင်ခဲ့ဖူးတဲ့ ၀ - တရုတ်အာဏာပိုင်များ ဆက်ဆံရေးကို ပြန်လည်ခွင့်ပြုပေးတယ်၊ ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူး။ ၅။ မိုင်းယောင်းမြို့နယ်ထဲက သတ္တုတူး ဖော်ရေးကိုပါ UWSP ကိုပေးတဲ့အကြောင်း - တွေပေါ့” ဟု ဆို၏။
ဝ ခေါင်းဆောင်များဖက်မှ ဆွေးနွေးသောအချက် ၁၄ ချက် ရှိကြောင်းလည်း ဝ ပါတီခေါင်းဆောင်များနှင့်ရင်းနှီး သည့် ပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။
၁။ စစ်တပ်မှလွဲ၍ ဝ နယ်သို့ပို့ဆောင်မည့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများအား ကြိုဆို်လက်ခံမည်။
၂။ တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်း၊ လားရှိုးမြို့များ၌ ၀ ကိုယ်စားလှယ်ရုံးများ ပြန်လည့်ထားရှိခွင့်ပေးရန်။
၃။ မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ဝ တပ်ဖွဲ့နှင့်ဆိုင်သော ကုမ္မဏီများ ပြန်လည်ဖွင့်လှစ်ခွင့်ပေးရန်။
၄။ ဝ ပြည်နယ်သားများ လွယ်ကူစွာ ခရီးသွားလာနိုင်ရေးအတွက် နိုင်ငံသားမှတ်ပုံတင်လုပ်ပေးရန်
၅။ ယာဉ်လိုင်စင်လုပ်ပေးရန်။
၆။ ဝ တပ်ဖွဲ့နှင့် အစိုးရ တပ်တို့ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ နေထိုင်သွားရန် (ယခင် ၁၉၈၉ အပစ်ရပ်သဘေားတူညီချက်အတိုင်း)
၇။ လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုကိုရပ်တန့်၍ တွေ့ဆုံဆွေးနွေးမှု စတင်သွားရန်။
၈။ ကူညီထောက်ပံ့ရေးပေးသည့် UN/ INGO/ NGO အဖွဲ့များအား ၀ နယ်ထဲသို့ ပြန်လည်အခြေချလုပ်ဆောင်ခွင့်ပြုရန်။
၉။ သတ္တုတူးဖော်ရေး၊ သယံဇာတ ရှာဖွေရေးအတွက် ပညာရှင်များအား စေလွှတ်ပေးရန်။
၁၀။ ဝ-တရုတ် လွတ်လပ်စွာဆက်ဆံရေးကို သံသယကင်းရှင်းစွာဖြင့် ပြန်လည်ခွင့်ပြုပေးရန်။
၁၁။ အစိုးရ၏ မူးယစ်ဆေးတိုက်ဖျက်ရေး ၁၅ နှစ်စီမံကိန်း၌ လက်တွဲပူးပေါင်းမည်။
၁၂။ မကြာခင်က မြန်မာအစိုးရက ပို့ပေးသော ဆန်အိတ် ၁၀၀၀ နှင့် ဂြိုလ်တု စလောင်းအလုံး ၁၀၀ အတွက် ကျေးဇူးတင်ကြောင်း။
၁၃။ ရှေ့ဆက်တွင်လည်း ဝ ပြည်နယ်သားများအတွက် တလလျင် ဆန်အိတ်ပေါင်း ၂၀၀၀ နှင့် ငွေသား ကျပ် သိန်း ၁၀၀ (ကျပ်ငွေ ၁၀ သန်း) ကို အစိုးရဖက်မှ ကူညီထောက်ပံ့ပေးသွားရန်၊
၁၄။ ဝတပ်ဖွဲ့ရပ်တည်နိုင်ရေးအတွက် ကျွန်းသစ်ပါမစ် တန်ချိန် ၁၀၀၀၀ နှင့် အခြားသစ်မာ ပါမစ်တန်ချိန် ၁၀၀၀၀ တို့ကို ချပေးရန် - စသည်တို့ ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောပြသည်။
အဆိုပါ ဆွေးနွေးတင်ပြချက်များအနက် မည်သည့်အချက်များကို သဘောတူ လက်မှတ်ရေးထိုးသွားသည်ဟူ သည့် အချက် အလက် အသေးစိတ်ကိုတော့ ၀ ပြည်နယ်သားများအား ကြေငြာချက်ထုတ်ပေးမည်ဟုလည်း ကြားသိရ ကြောင်း ၀ တပ်ဖွဲ့အတွင်းတာဝန်ထမ်းဆောင်နေသော ခေတ်ပညာတတ် လူငယ်တဦးကလည်း ပြောသည်။
ရှေ့ဆက်တွင်လည်း တွေ့ဆုံဆွေးနွေးမှုထပ်မံပြုလုပ်သွားမည်ဖြစ်ရာ ၀ နယ်၌တကြိမ် အစိုးရနယ်၌တကြိမ် လည်ပတ် ကျင်းပသွားရန်၊ သျှမ်းပြည်မှတဆင့် နေပြည်တော်အထိ တဆင့်ပြီးတဆင့် အစည်းအဝေးများ လုပ်သွားရန် သဘောတူခဲ့ ကြကြောင်း စုံစမ်းသိရှိရပါသည်။
စက်တင်ဘာ ၆ ရက် က ၀ ကိုယ်စားလှယ်နှင့် အစိုးရ ကိုယ်စားလှယ်တို့ ကျိုင်းတုံမြို့၌ ပဏာမ တွေ့ဆုံ ဆွေးနွေး ရပြီး နောက်ပိုင်း ယခု ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။ သျှမ်း၊ ကရင် နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ထပ်မံတွေ့ဆုံလည်း ထပ်မံရှိလာနိုင်သည်ဟု လေ့လာသူများကသုံးသပ် ပါသည်။