KIA တပ်ရင်း ၉ နယ်မြေမှ ရွာသား ၆၀ ကျော် ဘုရားကျောင်း၌ ခိုလှုံ

KIA တပ်ရင်း ၉ နယ်မြေမှ ရွာသား ၆၀ ကျော် ဘုရားကျောင်း၌ ခိုလှုံ
by -
သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ အခြေစိုက် သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် တလိုင်းရွာမှ ရွာ သား ၆၀ ကျော်သည် မူစယ်မြို့နယ် နမ့်အွန်ကျေးရွာ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း၌ စစ်ပြေးဒုက္ခသည် အဖြစ် ရောက်ရှိ ခိုလှုံနေကြောင်း သိရသည်။

အစိုးရစစ်တပ်ထိုးစစ်ကြောင့် ယခုလ ၂၅ ရက်နေ့က ၄င်းရွာမှ  KIA တပ်ရင်း ၉ ဆုတ်ခွာခဲ့ရာ အိမ်ခြေ ၅၀၀ကျော် ခန့်ရှိ တ လိုင်း ရွာသားများ စစ်ဘေးလွတ်ရာ ထွက်ပြေးနေခြင်း ဖြစ်သည်။

တလိုင်းရွာသားဒုက္ခသည်နှင့်နီးစပ်သူ တစ်ဦးက “စားဖို့ နေဖို့ မလုံလောက်တာကြောင့် နမ့်အွန်ဘုရား ကျောင်းမှာ ဒုက္ခသည် ၆၀ ကျော်လောက်ပဲ အသင်းတော်က လက်ခံထားလိုက်တယ် ကျန်တဲ့လူတွေကတော့ မူစယ်နယ် တစ်ဝိုက်မှာရှိတဲ့ နီးစပ်ရာ မိတ်ဆွေတွေ ဆွေမျိုးတွေထံမှာ သွားပြီးခိုလှုံကြတယ် ” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယခုအခါ တလိုင်းရွာ၌ အစိုးရစစ်တပ်များရောက်ရှိနေပြီး အစိုးရတပ်မှ ကျေးရွာအတွင်း အိမ်ထောင်စုစာရင်း စစ်ဆေးနေ ကြောင်း လူမရှိသည့် အိမ်များကို KIA တပ်ဖွဲ့ဝင်အိမ်များဖြစ်သည်ဟု သတ်မှတ်ကြောင်း သူက ဆိုသည်။

အလားတူ KIA တပ်ရင်း ၂ အခြေစိုက်ရာ မူစယ်မြို့နယ် တီးမားကျေးရွာ အုပ်စုအတွင်းရှိ ရွာ ၆ ရွာမှ ရွာသား များလည်း နီးစပ်ရာဆွေမျိုးများထံ ထွက်ပြေးခိုလှုံနေကြောင်း သိရသည်။

အစိုးရတပ်များသည် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၊ ကွတ်ခိုင်နှင့် မန်တုံမြို့နယ်များအတွင်းရှိ KIA တပ်မဟာ ၄ လက်အောက်ခံတပ်များကို ယခုလ ၂၄ ရက်နေ့မှ စ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး အစိုးရစစ်တပ်များ လားရိူးမှ မူစယ်သို့  ယနေ့နံနက်ပိုင်းတွင် ထပ်မံရောက်ရှိလာကြောင်း သိရသည်။