မူစယ်မြို့နယ်တွင် မြေသိမ်းပြီး ပြည်သူ့စစ် စခန်းဆောက်

မူစယ်မြို့နယ်တွင် မြေသိမ်းပြီး ပြည်သူ့စစ် စခန်းဆောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ်မော့တောင်း အုပ်စု တာလုံရွာတွင် ဦးကိန်မိုင် ခေါင်းဆောင်သည့် မုံးပေါ် ပြည်သူ့ စစ်အဖွဲ့က ရွာသားပိုင်မြေသိမ်းပြီး စခန်းသစ်ဆောက်လုပ် တပ်စွဲထားကြောင်းသိရ သည်။

မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုံ အလွန် ကားလမ်းဘေးရှိ တာလုံရွာသား စိုင်းဆမ်ပိုင်သော ၅ ဧကခန့်ရှိ မဲဇလီခြံအား ယခု လ ၄ ရက်နေ့က သိမ်းယူခြင်း ဖြစ်ကြောင်း အဆိုပါရွာသားတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
 မူဆယ် ၁၀၅ မိုင် ဂိတ်

“ဒီလ ၄ ရက်နေ့က တာလုံရွာ ကချင်ပိုင်းမှာ မုံးပေါ်ပြည်သူ့စစ်အဖွဲ့က အစည်းအဝေးခေါ်တယ်။သူတို့ တပ်စခန်း ဆောက်မဲ့ကိစ္စပြောတာပေါ့။ ရွာသားတွေစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ကအစ ဘာတစ်ခုမှသူတို့ မယူဘူး အဲလို ပြောတယ်လေ။ မြေသိမ်းမဲ့ကိစ္စ မပြောပဲနဲ့ ဒီအတိုင်းစခန်းဆောက်ပြီး လာနေတာ” ဟု သူက ဆိုသည်။

၎င်းအစည်းအဝေးအပြီး နောက်တစ်ရက်တွင် စိုင်းဆမ်ပိုင် မြေကွက်အတွင်း ၄င်းပြည်သူ့စစ်အဖွဲ့မှ တဲ ၅ လုံးခန့် ဆောက် လုပ်ပြီး ယခုအခါ တပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် စခန်းချနေထိုင်နေကြောင်း သိရသည် ။

“မဲဇလီပင်တွေက အတော်ကြီးပြီး လျော်ကြေးလဲ မပေးဘူး။  ဘာမပြော ညာမပြောနဲ့ ဒီအတိုင်းပဲ ခြံထဲမှာ ပြည်သူ့စစ် စခန်းဖွင့်ထားတာပေါ့ ” ဟု သူက ဆက်ပြောသည်။

Most read this week