အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု သျှမ်းပြည်အရှေ့ပိုင်း NDAA - ESS မိုင်းလား တပ်ဖွဲ့ ကိုယ်စားလှယ် များနှင့်ပြည်တွင်းငြိမ်းချမ်း ရေးဖော် ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌတို့ ကျိုင်းတုံ ၌တွေ့ဆုံ ဆွေးနွေးရာ အစိုးရဖက်မှ နှစ်ဖက်ပစ်ခတ်မှုမရှိ စေရေး အပါအဝင် အချက် ၅ ချက် ညှိနှိုင်းခဲ့ ကြောင်း သိရှိရပါသည်။
“ဦးသိန်းဇော်က မိုင်းလားတပ်ဖွဲ့ကို အချက် ၅ ချက် နဲ့ပြောဆိုဆွေးနွေးတယ်။ မိုင်းလားဘက်ကတော့ သူတို့ ထိန်းချုပ် နယ်မြေမှာ လာပြီးလှုပ်ရှားနေတဲ့ အစိုးရစစ်တပ်တွေ ပြန်ပြီးဆုတ်ခွာဖို့ အဲဒီတချက်ဘဲ တောင်းဆို တယ်” ဟု ကျိုင်းတုံ အာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဥက္ကဋ္ဌ ဦးသိန်းဇော်မှ မိုင်းလားတပ်ဖွဲ့ထံ ညှိနှိုင်း ဆွေးနွေးသည့် အချက် ၅ ချက်မှာ-
၁. နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုမရှိရန်။
၂. နှစ်ဖက်ဆက်ဆံရေးရုံးများ နဂိုမူလအတိုင်း ပြန်လည်ဖွင့်လှစ်ရန်။
၃. မိမိနယ်မြေအား နဂိုအတိုင်း ဆက်လက်ထိန်းချုပ်သွားရန်။
၄. အစိုးရဖက်မှ မိုင်းလားနယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ မိုင်းလားဖက်မှ အစိုးရနယ်မြေထဲသို့ ဝင်ရောက် သည်ဖြစ်စေ လက်နက်ယူဆောင်လာပါက ကြိုတင်အကြောင်းကြားရန်။
၅. နှစ်ဖက်စလုံး ဆက်ဆံရေးကော်မတီများ အမြန်ဆုံးဖွဲ့စည်းထူထောင်ရန် - တို့ဖြစ်သည်။
ယမန်နေ့ စက်တင်ဘာ ရ ရက် နံနက် ၉:ဝဝ မှ ၁၀:၃၀ နာရီထိ ကျိုင်းတုံဟော်တယ်၌ တိုင်းရင်းသားရေး ရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ခိုင်ဖြိုးပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရသစ်ကိုယ်စားလှယ်အဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့မှ ဒုဥက္ကဋ္ဌ စဝ်ဆန်းပေ၊ အတွင်းရေးမှူး စဝ်ဆိုင်လား၊ စဝ်ဆိုင်ခမ်းနော်၊ စဝ်ခမ်းမော်တို့နှင့်အတူ စစ်သည် ၁၀ ယောက်ကျော် ပါဝင်သည့် ကိုယ်စားလှယ်တို့ တွေ့ဆုံနွေးဆွေးခဲ့ကြသည်ဟုဆို၏။
လွန်ခဲ့သည့် သြဂတ်စ် ၂၈ ရက် အစိုးရသစ်မှ မိုင်းလားတပ်ဖွဲ့ NDAA တပ်မဟာ ၃၆၉ ဌာနချုပ်ရှိရာ ဆီလူးသို့ ငြိမ်းချမ်းရေးကမ်းလှမ်းစာ ပေးပို့ခဲ့သည့်အတွက် ယခုကဲ့သို့ ကျိုင်းတုံမြို့၌ တွေ့ဆုံရခြင်းဖြစ်သည်။
“ဦးသိန်းဇော်က ဒီအချက် ၅ ချက်ကို ချက်ချင်းအကောင်အထည်ဖော်ဖို့၊ နှစ်ဖက်သဘောထားမတိုက်ဆိုင်တာ မရှင်းလင်း တာတွေကို ကော်မတီဖွဲ့ပြီးမှ ကဏ္ဍအလိုက် တဆင့်ပြီးတဆင့် ဆွေးနွေးသွားမယ်လို့ပြောတယ်။ မိုင်းလားဖက်ကတော့ ဌာနချုပ်နဲ့ပြန်ပြီး ဆွေးနွေးအုံးမယ်လို့ ပြောတယ်” ဟု ၎င်းကဆက်လက်ပြောပါသည်။
မြန်မာအစိုးရတပ်များ မိုင်းလားနယ်မြေအတွင်းမှ ဆုတ်ခွာပေးရန် မိုင်းလားတပ်ဖွဲ့၏ တောင်းဆိုချက်ကိုမူ ဦးသိန်းဇော် က နေပြည်တော်သို့ တင်ပြမည်ဖြစ်ကြောင်း ဖြေကြားသည်ဟုဆို၏။
“ကျနော်တို့ဖက်ကတော့ လက်ခံပါတယ်။ သူတို့ပြောတဲ့အချက်တွေကလဲ ကောင်းတဲ့လက္ခဏာတွေချည်းမို့ ဘာမှမငြင်းပါ ဘူး။ ရှေးဆက်အလားအလာကောင်းမဲ့ပုံဘဲ။ ကျိုင်းတုံ-မိုင်းလားကားလမ်းကို ပြန်ဖွင့်လှစ် အသုံးပြုပွဲရှိလာနိုင်သလို အစိုးရ ဝန်ထမ်းတွေလဲ မိုင်းလားကိုပြန်လာမဲ့ပုံဘဲ” ဟု မိုင်းလားအရာရှိများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တစ်ဦးက ပြောပါသည်။
ဦးသိန်းဇော် ပြောဆိုဆွေးနွေးသွားသည့် အချက် ၅ ချက်နှင့် ပတ်သက်၍ မိုင်းလားတပ်ဖွဲ့က ယနေ့ အစည်း အဝေးတစ်ရပ် ပြုလုပ်နေကြောင်း သိရှိရပါသည်။
မိုင်းလားတပ်ဖွဲ့သည် ဝ ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်နှင့် အထူးရင်းနှီးသည့် မဟာမိတ်ဖြစ်ပြီး နယ်ခြားစောင့် တပ် အသွင်ပြောင်းရန် စစ်အစိုးရက ၂၀၀၉ နှစ်ဦးမှ စတင်အကောင်အထည်ဖော်လာသည့် နောက်ပိုင်း စစ်ရေးအရ နှစ်ဖက်အထူးတင်းမာခဲ့၏။ ၂၀၁၀ စက်တင်ဘာ ၁ ရက်နောက်ဆုံးအသွင်ပြောင်းရန် (လက်နက်ချရန်) စစ်အုပ်စုရာဇသံ ပေးပြီးနောက်ပိုင်း နိုင်ငံရေးအရ ယခုတွေ့ဆုံဆွေးနွေးမှုသည် ပထမဆုံး အကြိမ်ဖြစ်သည်။