လယ်သမား ၄ ဦးအား မြန်မာအစိုးရတပ် ဖမ်းဆီး သွားရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ (SNDP) တို့ စုပေါင်းအာမခံမှ ပြန်လည် လွှတ်မြောက်လာကြောင်း သိရှိရပါ သည်။
“လယ်ထဲမှာ မြေသြဇာထည့်နေတဲ့ ရွာသား ၄ ယောက်ကို သျှမ်းသူပုန်နဲ့ဆက်သွယ်တယ်လို့ပြောပြီးဖမ်းသွား တယ်။ ခြင်္သေ့ ပါတီနဲ့ ကျားဖြူပါတီက ကြိုးစားပမ်းစား သွားပြောပေး အာမခံပေးမှ ပြန်လွှတ်လာတာ” ဟု USDPနှင့် နီးစပ်သည့် အသိုင်း အဝိုင်းက ပြောသည်။
သြဂတ်စ် ၂၆ ရက် ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်နှင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဇော်လတ် ဦးဆောင်သည့် ခမရ ၅၀၄ စစ် ကြောင်းက လယ်လုပ်နေသော သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဟင်လိုင်းရွာနေ စိုင်းဆန်ပီး (အသက် ၂၅ နှစ်)၊ လုံးမန် (အသက် ၆၈ နှစ်)၊ ဝမ့်ဖွီးရွာနေ စိုင်းကောဏ္ဍည(အသက် ၃၅ နှစ်)နှင့် စိုင်းပညာ (အသက် ၃၂ နှစ်)တို့ကို သျှမ်း သူပုန်နှင့် ဆက်သွယ်သည်ဟု စွပ်စွဲပြီး ၎င်းတို့နှင့်အတူဖမ်းဆီးခေါ်ဆောင်သွား သည်ဟုဆို၏။
“ရွာသားတွေကတော့ သူတို့က လယ်ယာလုပ်စားနေတဲ့ သာမန်ရွာသားတွေပါ။ သျှမ်းသူပုန်အကြောင်းဘာမှ မသိပါဘူး လို့ ရှင်းပြပေမဲ့လဲ ရိုက်နှက်ပြီးမေးတယ်။ မျက်နှာကို အဝတ်နဲ့စည်းပြီး သူတို့သွားလေရာကို ခေါ်သွားတာ။ ဝမ့်ဖွီးရွာဥက္ကဋ္ဌ လုံးလှဆွေ က တောင်းပန်ပြီးပြောလဲ မရဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် စက်တင်တာ ၁ ရက်၌ အဆိုပါရွာသားတို့၏ဆွေမျိုးများက ကျေးသီးမြို့ရှိ ပြည်ခိုင်ဖြိုးပါတီနှင့် ကျားဖြူပါတီတို့ ထံ သွားရောက်ပြောကြားရာ ခလရ ၁၃၁ တပ်ရင်းမှူး ဗိုလ်မှူးရဲနိုင်ထံ ထိုပါတီ ၂ ခုက သွားရောက် အာမခံပေးမှ ပြန်လည် လွှတ်မြောက်လာကြောင်း သိရှိရသည်။
“ဗိုလ်မှူးကြီးအောင်နိုင်နဲ့ ဗိုလ်မှူးရဲနိုင်တို့က အဖမ်းခံရတဲ့ ရွာသားနဲ့ သူတို့ရဲ့ဆွေမျိုးတွေကိုတောင် ဒီအကြောင်း အထက်ကို မတင်ပြဖို့၊ သတင်းမထွက်ဖို့ ခြိမ်းခြောက်ပြောလာသေးတယ်တဲ့။ သတင်းထွက်ရင်ရွာကိုမီးရှို့ပစ် မယ်တဲ့” ဟု ကျေးသီးမြို့ခံ တစ်ဦးကလည်း ပြော၏။
ခမရ ၅၀၄(နောင်ချို)၊ ခလရ ၁၁၅(နောင်ချို)၊ ခလရ ၂၄၃(နမ့်လန်)၊ ခလရ ၂၂(တန့်ယန်း) တို့သည် ဝမ့်ဖွေး ကျေးရွာ အုပ်စုအတွင်း လှည့်လည်လှုပ်ရှားနေသော ကြောင့် ရွာသူရွာသားများလယ်ထဲမဆင်းရဲအလုပ်မလုပ်ရဲ သည့်အတွက် ဝမ်းစာအတွက်ခက်ခဲလျက်ရှိကြောင်း သိရှိရပါသည်။ ထို့အတူ သြဂတ်စ်လနှောင်ပိုင်း ကလည်း နောင်ချိုအခြေစိုက် ခမရ ၁၁၄ ကလည်း ထိုဒေသအတွင်းရှိ ကျေးရွာ တစ်ရွာကို သျှမ်းသူပုန်အားဆက်သွယ် သတင်းပေးသည်ဟု စွပ်စွဲကာ မီးရှို့ လိုက်ပါသေးသည်။