ပြည်သူ့စစ်နှင့် အကျဉ်းသားများအား ရှေ့တန်းစစ်မျက်နှာ၌ အသေခံသုံး

ပြည်သူ့စစ်နှင့် အကျဉ်းသားများအား ရှေ့တန်းစစ်မျက်နှာ၌ အသေခံသုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက်နေ သည့် မြန်မာစစ်တပ်၏ စစ်ကြောင်းတချို့တွင် အကျဉ်းသားများနှင့် ဝတ်စုံချင်းနေရာချင်းလဲ၍ ရှေ့တန်းထွက်ကြောင်း ထွက်ပြေး လွတ်မြောက်လာ သည့် အကျဉ်းသားတဦးကပြောသည်။

“ ကျနော်တို့ကို စစ်ဝတ်စုံဝတ် လက်နက်ကိုင်ပြီး ပွိုင့်ထိုးခိုင်းတယ်။ သူတို့ကျတော့ ထောင်ဝတ်စုံဝတ်ပြီး နောက်က လိုက်တယ်။ သျှမ်းတွေပစ်ရင် ကျနော်တို့ဘဲသေမှာလေ ” ဟု ကိုယ်တိုင်ကြုံတွေ့လာသည့် မိုးမိတ်မှ အကျဉ်းသားတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မိုးမိတ်အခြေစိုက် ခမရ  ၃၄၈ နှင့်အတူ လိုက်ပါသွားရသည့် အဆိုပါ အကျဉ်းသားမှာ မိုင်းရယ်မတိုင်ခင် ၎င်းတွဲဖက်လိုက် ပါရသည့် စစ်သားတယောက်အား ပစ်သတ်၍ ရိက္ခာများဆွဲယူကာထွက်ပြေးလွတ်မြောက် လာကြောင်း ၎င်းကပြော သည်။

“ စစ်သားတယောက် ထောင်သားတယောက် ပေါင်းစားရတဲ့ ရိက္ခာက ဆန်နို့ဆီဗူး ၃ ဗူးနဲ့နို့ဆီတလုံးဘဲရ တယ်။ ခရီး ရောက်ရောက်မရောက်ရောက်အဲဒါကုန်သွားရင်လဲကိုယ့်နည်းကိုယ့်ဟန်ဘဲ။ သူတို့ပေးတဲ့ ဆန်မြန်မြန် မကုန် အောင် အစိမ်း လိုက် ဝါးစားရတယ်လေ။ အဲဒီဆန်လေးနဲ့ အိမ်ပြန်ရောက်တဲ့အထိ အသက်ဆက်ရတာပေါ့” ဟု ၎င်းက ဆက်လက်ပြော ပြသည်။

မြန်မာစစ်ကြောင်းတကြောင်းတွင် မြန်မာစစ်သား ၃ ပုံ ၁ ပုံ သာပါရှိပြီး အကျဉ်းသားများနှင့်ဌာနေပြည်သူ့စစ် များ ၂ ပုံစာ ပါနေကြောင်း ၎င်းကဆက်လက်ပြောပြသည်။

“ သျှမ်းသူပုန်တွေနောက်လိုက်ရင်လဲ သူပုန်က မြောက်ဖက်မှာရှိတယ်ကြားရင် သူတို့က တောင်ဖက်သွားရှာ တယ်။ ရွာထဲ ပတ်လိုက် ရွာပြင်ဖက်မှာပတ်လိုက်နဲ့ သူတို့နဲ့လိုက်ပြီးလမ်းလျှောက်ရတာ သေလုမျောပါးဘဲ။ ပစ်ခတ်တိုက်ခိုက်ရမှာစိုးလို့ လေ။ တိုက်ပွဲတိုင်းမှာ မြန်မာစစ်တပ်ဖက်ကချည်းကျနေတာကိုး” ဟုဆို၏။

အဆိုပါ ဒေသ၌ ရှေ့တန်းလိုက်ပါရသော ပြည်သူ့စစ်မှာ လစာကျပ် ၉ သောင်းရပြီး ရွာစောင့် တပ်စောင့်ရသော ပြည်သူ့စစ် မှာ တလကျပ်ငွေ ၆ သောင်းရရှိကြောင်း၊ ၎င်းတို့အတွက် လစာအား ဒေသခံများထံမှ လစဉ် ကောက် ယူကြောင်း လားရှိုး ရောက် မိုးမိတ်ဒေသခံတဦးကလည်း ပြောသည်။

“ပြည်သူ့စစ်တွေရဲ့ လစာကို ကျမတို့ ရွာသားတွေဆီကနေ တအိမ် တလ ၂၀၀၀ ကျပ် ကောက်တယ်။ ပြည်သူ့စစ် ရှိပြီဆို ကတည်းက ကျမတို့ ပိုအလုပ်ရှုပ်ရတယ်။ ဟိုကြေး ဒီကြေးကောက်တယ်” ဟု ပြောသည်။

မိုးမိတ်မြို့တွင် ခလရ ၂၃၃၊ ၂၇၆၊ ခမရ ၃၄၈ နှင့် တိုးချဲ့မခွယ်မြို့သစ်တွင် ခမရ ၄၃၇ တို့အခြေစိုက်လှုပ်ရှား သည်။