မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် ချောင်းရေကြီး

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် ချောင်းရေကြီး
by -
သျှမ်းသံတော်ဆင့်

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် သျှမ်းပြည်အတွင်း မြစ်ချောင်းဘေးတွင်နေထိုင်သော မြို့ရွာတချို့ မြစ် ရေလွှမ်းခြင်းခံရ သဖြင့် အိမ်သုံးပစ္စည်းများ၊အိမ်မွေး တိရိစ္ဆာန်များ ရေနှင့်မျောပါသည်အထိ ဖြစ်ကြရ ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

 လင်းခေးမြို့ ရပ်ကွက်အတွင်း တိန်းချောင်းရေလျှံ (လင်းခေးလူငယ်များ Facebook မှကူးယူတင်ပြသည်)
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့၌ ယခင်အပတ်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်တိန်းချောင်း ရေတက်နေ သည် မှာ တပတ်ရှိပြီဖြစ်ကြောင်း လင်းခေးဒေသခံတဦးကပြောသည်။

“မိုင်းပန် -မိုင်းတုံကားတွေလဲ ၂ ည ၃ ည လောက် ညအိပ်စောင့်ရတယ်။ မိုင်းပန်အထွက် လမ်းဖက်မှာ မြေနိမ့်ပိုင်းကျတဲ့ နေရာတွေ ရေလွှမ်းတာ ခါးလယ်လောက်ရှိတယ်။ အဲ့ဖက်မှာရှိတဲ့ ခမရ ၅၇၈ တပ်သစ် ကျတော့ ကုန်းပေါ်နဲနဲကျတယ်။ ရေမလွမ်းဘူး။ သူတို့သိမ်းထားပိုက်ထားတဲ့ ကျံခင်းယာမြေတွေ၊ နမ့်အွန်ရွာ၊ ဒါးဆိပ်ရွာသားတွေရဲ့ ခြံတွေ လယ်တွေလဲ ရေလွှမ်းတာပေါ့။ သီးနှံတွေ ပျက်စီးကုန်တာပေါ့” ဟု ပြောသည်။

ဩဂတ်စ် ၂၆ ရက်နေ့မှ စ၍ တိန်းချောင်း ရေကြီးနေသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ ယနေ့ရေအနည်း ငယ်ကျ ဆင်း သွားသော်လည်း ခရီးသွားလာနိုင်ခြင်းမရှိသေးကြောင်း၊ ရေကြီးမှုကြောင့်စားသောက်ကုန် တချို့ဈေးတက် ကြောင်း၊ တိန်းချောင်းဖျားဖြစ်သော ထိုင်းနိုင်ငံ မယ်ဆောင်နှင့် ဆက်သွယ်နိုင်သည့် လင်းခေး - ဟိုမိန်း - မယ်ဟောင်ဆောင် လမ်းပိုင်းတွင်လည်း တောင်ကျရေကြောင့် လမ်းပိုင်းအချို့ ပြတ်နေကြောင်း၊ ယခုအပတ် ရေကြီးခြင်းမှာ ကမ်းစပ်မှ (ပျှမ်းမျှ) မီတာ ၂၀၀ ခန့်အကွာအထိတက်နေ သည်ကိုတွေ့ရကြောင်း ဒေသခံများ က ပြောကြသည်။

“နှစ်တိုင်းတော့ ချောင်းရေလျှံတယ်။ ဒါပေမယ့် အကျမနှေးဘူး။ မနက်ရေတက်ရင် ညနေလောက်ဆိုပြန် ကျပြီ။ ဒီနှစ်တော့ ရေအကျနှေးတယ်။ မနေ့က မိုးတိတ်သလိုရှိနေပြီ ဒီနေ့ မိုးဖွဲတွေ ထပ်ကျနေပြီ။ မိုးဖွဲမရပ်ရင် ရေပြန်တက်နိုင်တယ်” ဟု  အိမ်ကြမ်းပြင်ရေလွှမ်းခြင်းခံရသောဝန်ထမ်း မိသားစုဝင်တဦးကပြောသည်။

ကျိုင်းတောင်းရေတံခွန်မှ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ပြီး နောက်ပိုင်း ဒုတိယအကြိမ် တိန်းချောင်း ရေအလွန်အမင်းလျှံခြင်းဖြစ်ပွါးခြင်းဖြစ်ရာ ၂၀၀၆ ခုနှစ်က ချောင်းရေလျှံမှုမှာ နှစ်ပေါင်း ရ၀ အတွင်းအကြီးမားဆုံးရေလျှံ မှုဖြစ်ခဲ့ကြောင်း၊ ထိုစဉ်က ဟိုနားရွာမှ ရေဘေးဒုက္ခသည်(အသက် ၈၀ ခန့်ရှိ)အဖွား တဦး ရေကြီးမှုကိုထိတ်လန့်ကာ ရှော့ခ် ဖြစ်၍ သေဆုံးခဲ့ကြောင်းဒေသခံများပြောပြချက်အရသိရ သည်။
မိုင်းပန်သို့အထွက်လမ်းရှိ နမ့်အွန်ရွာ တွင်လည်း ရေကြီး (လင်းခေးလူငယ်များ Facebook မှကူးယူတင်ပြသည်)
လင်းခေးမြို့သည် တောင်ကြီးမြို့၏ အရှေ့ဖက် မိုင် ရ၀ ကျော် အကွာတွင် တည်ရှိသည်။

အလားတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးမြို့နယ်ခွဲတွင်လည်း ယခုလ ၂၅ ရက် နေ့က နမ့်ဟန်ချောင်း ရေလျှံရာ ရွာသားများ တိမ်းရှောင်နိုင်ခဲ့သော်လည်း အိမ်သုံးပစ္စည်းများနှင့် ခြံမွေးတိရိစ္ဆာန် များ ချောင်းရေနှင့် ပါသွား ကြောင်း နားကောင်းမူး ဒေသခံတဦးကလည်း သျှမ်းသံတော်ဆင့်သို်ပြောပြသည်။

“ မထင်မှတ်ဘဲ ချောင်းရေက ချက်ချင်းကြီးတက်လာတာ။ တိုက်ပုရဲ့ ပြတင်းပေါက်အထိ ရေတက်တယ်။ ညအချိန်ဖြစ်ရင် တော့ ကလေးတွေနဲ့ သက်ကြီး တွေ သေကြမှာ မလွဲဘူး။ ခုက ညနေပိုင်းမှာဖြစ်တော့ ကိုယ်လွတ်ရုန်း နိုင်သေးတယ်။ အိမ်ထောင်ပစ္စည်းတွေနဲ့ ကြက်၊ ဝက်တွေ တော့ ရေနဲ့မျောပါသွားတာပေါ့” ဟု ဆို၏။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင်လည်း နမ့်ယောဝ်ချောင်းရေကြီးမှုကြောင့် လားရှိုး -သိန္နီကားလမ်းရှိ အေတီတံတား တဝိုက် ရေလျှံ လယ်ယာံမြေများ ရေလွှမ်းခြင်းခံရြကြောင်း သိရသည်။

တောင်တရုတ်ပင်လယ်ဖက်၌တိုက်ခတ်သော မုန်တိုင်းကြောင့် မြန်မာနိုင်ငံနှင့် သျှမ်းပြည်တို့တွင်သာမက ထိုင်းနိုင်ငံ နှင့် အဝှမ်းတွင်လည်း မြစ်ရေ ချောင်းရေလျှံခြင်း၊ တောင်ကျရေလွှမ်းခြင်းတို့ ရင်ဆိုင်နေကြရ သည်။ သို့သော် ထိုင်းအစိုးရ၏ မြန်ဆန်သော ကူညီထောက်ပံ့မှုကြောင့် နေ့တွင်းချင်းနီးပါး လမ်း၊တံတား များပြင်ဆင် ပြီးစီးနိုင်သည့်အပြင် အစိုးရနှင့် နိုင်ငံရေးပါတီများကိုယ်တိုင်ကိုယ်ကျရေလွှမ်းရာဒေသများသို့ သွားရောက် ထောက်ပံ့ကူညီအားပေးခဲ့ကြသည်။