အမည်မသိလက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျိုင်းတုံမြို့နယ်အတွင်း မြန်မာစစ်တပ် လုံခြုံရေးတိုးချ

အမည်မသိလက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျိုင်းတုံမြို့နယ်အတွင်း မြန်မာစစ်တပ် လုံခြုံရေးတိုးချ
by -
သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့နယ်ကတ်တောင် ကျေးရွာ အုပ်စု ကျုပိန်းဖတောင်၌မြန်မာစစ်တပ် နှင့် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ တို့ကြား တိုက်ပွဲ ဖြစ် ပွားပြီးနောက် မြန်မာစစ်တပ် နေရာ အနှံ့လုံခြုံရေး တိုးချထားကြောင်း သိရှိရပါသည်။

“ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက် စစ်သားတွေ ဟိုမှာတစ်စု ဒီမှာတစ်စုနဲ့ နေရာအနှံ့ဘဲ။ဘုန်းကြီး ကျောင်းတွေ မှာရော။ ကိုရင်တွေ ဦးဇင်းတွေတောင် စာကောင်းကောင်း မသင်ရဘူး” ဟုယန်းကိန်ဒေသခံ တစ်ဦးက ပြောပါသည်။

တိုက်ပွဲဖြစ်ပွားသည့် ကျိုင်းတုံမြို့မြောက်ဘက် ကတ်တောင်ကျေးရွာအုပ်စု၌ အထူးသဖြင့် လုံခြုံရေးတိုးချ ထား ပြီး ကတ်ထိုက်ကျေးရွာအုပ်စု၊ ဝပ်ဆောင်းကျေးရွာအုပ်စု၊ ကတ်ဖကျေးရွာအုပ်စု၊ယန်းကိန်ကျေးရွာ အုပ်စုတို့၌ လည်း လုံခြံုရေးများ ချထားသည်။

သြဂတ်စ် ၁၆ ရက် နံနက် ၃ နာရီမှ ၅ နာရီထိ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့နှင့်မြန်မာစစ်တပ်တို ့ကြား ကျိုင်းတုံ မြို့နယ် ကတ်တောင်ကျေးရွာအုပ်စု ဝမ့်ဟိုဟွေ့(အခါရွာ)အနီး ကျုပိန်းဖတောင်၌ တိုက်ပွဲ ဖြစ်ပွားရာ မြန်မာစစ်တပ်မှ ၃ ယောက် သေဆုံးပြီး ၈ ယောက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဒေသတွင် သျှမ်းပြည် တပ်မတော် RCSS/SSA အမှတ်(၁) ကျိုင်းတုံစစ်ဒေသတပ်ဖွဲ့များအပြင် ရံဖန်ရံခါ ဝတပ်ဖွဲ့လည်း ဝင်ရောက်လှုပ်ရှားတတ် သည် ဟု ဆို၏။

“ကျိုင်းတုံဒေသတဝိုက်မှာ သေနတ်သံ ဗုံးသံ မကြားရတာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီ။ အများအားဖြင့် လွယ် တိုင်းလျဲန်း သျှမ်းစစ်သားနဲ့တိုက်ပွဲဖြစ်တယ်ဘဲပြောတယ်။ ဒီတိုက်ပွဲကြောင့် ဒေသခံတွေ ထိတ်လှန်တုန်လှုပ် ကြပြီး မြို့ထဲကို ဝင်လာ ကြတာ။ ဆိုင်ကယ်သံ ကားသံတွေ ဆူညံသွားတာဘဲ” ဟု ကျိုင်းတုံဒေသခံတစ်ဦးက ပြောပါသည်။

တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်(သြဂတ်စ် ၁၇ ရက်) ကျိုင်းတုံမှ မြန်မာစစ်တပ်က ကတ်တောင်ကျေးရွာသို့ အင်အား ဖြည့်တင်းကြောင်း၊ တစ်ရွာဝင် တစ်ရွာထွက် တောတောင်အနှံ့ ဝင်ရောက်ရှာဖွေမွေနှောက်ကြ ကြောင်း၊ ရွာသားများကို လည်း ချောဆွဲကာ လမ်းပြခိုင်းပြီး လူသစ်ရမှ လူဟောင်းကို လွှတ်ပေးကြောင်း၊ လယ်လုပ် ရွာသားများအား ခေါ်ယူစစ် ဆေးပြီး ထမင်းထုပ်တွေ့လျှင် သျှမ်းသူပုန်အားအစားအသောက် ထောက်ပံ့သည်ဟု စွပ်စွဲကာ ရိုက်နှက်ကြောင်း သိရှိရပါ သည်။

“တိုက်ပွဲမဖြစ်ခင် ဗမာစစ်သားတွေ လုံခြုံရေးယူ ဖောက်လုပ်နေတဲ့ ကတ်ထိုက် မိုင်းငင်းကားလမ်းက ဆောက် လုပ် ရေးစခန်း ကို အမည်မသိလက်နက်ကိုင်တဖွဲ့က ဝင်တိုက်ပြီး ဆောက်လုပ်ရေးကားတစ်စီးကိုမီးရှို့ဖျက် စီး လိုက်တယ်။ ဗမာစစ်သား တစ်ယောက်သေတယ်လေ။ အဲဒီနောက်ပိုင်း ဗမာစစ်သားတွေလဲဒီနားတစ် ဝိုက် မွေနှောက်ရှာဖွေတော့တာဘဲ” ဟု ကတ်ထိုက်ဒေသခံတစ်ဦးက ပြောပါသည်။

မြန်မာစစ်တပ်တိုက်ခိုက်ခံရမှုတွင် သျှမ်းပြည်တပ်မတော် RCSS/SSA က ၎င်းတို့လက်ချက်ဟုတ်/မဟုတ် မှတ်ချက်တစုံ တရာပေးခြင်း မရှိသော်လည်း ဝ တပ်ဖွဲ့မှာမူ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုပါသည်။

ကျိုင်းတုံမှ ကတ်ထိုက်-မိုင်းငင်းသို့ တိုက်ရိုက်ဆက်သွယ်မည့် မိုင် ၅၀ ခန့်ရှိ ကတ်ထိုင်-မိုင်းငင်းလမ်းသစ်ကို လွန်ခဲ့သည့် ၂ လခန့်မှ စတင်ဖောက်လုပ်နေကြောင်း၊ ဂျူလိုင်လအတွင်း ဆောက်လုပ်ရေးစခန်းကိုအမည် မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီးနောက် မိုးတွင်းကာလလည်းဖြစ်သည့်အတွက်ဆောက်လုပ် ရေးကို ရပ်နားထားကြောင်း၊ လမ်း ကြောင်းမှာ တဝက်ခန့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရပါသည်။

Most read this week