သျှမ်းပြည်အရှေ့ပိုင်းမိုင်းလားတပ်ဖွဲ့ ထိန်းချုပ် နယ်မြေအတွင်း ငွေသတ္တုထွက်သောကျေးရွာများ အနီး အနားသို့ မြန်မာ စစ်တပ် ဒုတိယအကြိမ် ဝင်ရောက်ကာ ရွာသားများအား ပိုက်ဆံပေးစည်းရုံး နေကြောင်း နီးစပ်သည့် အသိုင်းဝိုင်းကပြောပါ သည်။
“ ၆ ရက်နေ့က မြန်မာစစ်တပ်တွေ ထပ်လာတယ်။ အင်အား ၅၀ လောက်ပါတယ်။ မိုင်းလွေအုပ်စုထဲ က ရွာ ၅ ရွာကိုဝင်ပြီး စည်းရုံးလှုပ်ရှားနေတယ်။ ရွာသားတွေတောင် အံ့ဩတယ်။ အဲ့မှာ ငွေသတ္တု ထွက်တာကိုး” ဟု မိုင်းလားအရာရှိတဦးနှင့် နီးစပ်သူ မိုင်းလွေအုပ်စု ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
အဆိုပါ အင်အား ၅၀ ရှိ မြန်မာစစ်တပ်မှာ မိုင်းယန်းအခြေစိုက် ခလရ ၂၇၉ တပ်မှဖြစ်ပြီး မိုင်းလွေအုပ်စုအတွင်း ရှိ ရွာ ၅ ရွာမှ ရွာသားများအား ပိုက်ဆံပေးစည်းရုံးနေခြင်းဖြစ်ကြောင်း ကုန်သည်လည်းဖြစ်သော အဆိုပါပုဂ္ဂိုလ် က ဆက်ပြော သည်။
“ မိုင်းလွေအုပ်စုထဲမှာ ရွာက ၁၅ ရွာလောက်ရှိတယ်။ ဒါပေမယ့် သူတို့က ဟွေ့မူး၊ ဟွေ့ပွန်း (ရှမ်းရွာ)မတ်လောတ်ကောင်၊ မတ်လောတ်မိုင်၊ မာနိုင်း(အခါရွာ) ဒီ ၅ ရွာကိုဘဲ ပိုက်ဆံပေးတယ်။ ရွာကြီးရင် တရွာကျပ် ၁ သိန်းပေါ့။ ရွာငယ်ရင်တော့ တရွာ ကျပ် ၅ သောင်း။ ပြီးရင်မှတ်ပုံတင်မရှိတဲ့လူတွေကိုလဲမှတ်ပုံ တင်လုပ်ပေး မယ်လို့လဲပြောတယ်။ ရွာသားတွေတော့ အံ့ဩနေကြတာပေါ့” ဟု ဆို၏။
ထိုသို့ မြန်မာစစ်တပ်က ရွာသားများအား ပိုက်ဆံပေးစည်းရုံးနေခြင်းမှာ ၎င်းတို့၏ မျက်စိဖြစ် နားဖြစ်လာ အောင်၊ UWSA ဝပြည်သွေးစည်းရေးတပ်မတော်နှင့် မဟာမိတ်ဖြစ်သော မိုင်လားတပ်ဖွဲ့၏ လှုပ်ရှားမှုသတင်း စောင့်ကြည့်နားထောင်၍ မြန်မာစစ်တပ်ထံ သတင်းပေးပို့အောင် လုပ်နေခြင်းဖြစ်ကြောင်း မိုင်းလားတပ်ဖွဲ့မှ တပ်မှူးတဦးကလည်းပြောသည်။
အဆိုပါ ရွာ ၅ ရွာအနက် ဟွေ့မူး၊ ဟွေ့ပွန်းရွာ နှင့် ဟိုပုံ ရွာကြားတွင် ငွေစင်သတ္တုတွင်း ရှိကြောင်း၊မြန်မာစစ် တပ်များ နယ်ကျွံဝင်ရောက်သည့်သတင်းကြောင့် မိုင်းလားတပ်ဖွဲ့ ကလည်း တပ်အင်အား အဆင်သင့်ပြင် ဆင်ထားကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်တဦးကလည်းပြောသည်။
“အရင်က ရွာသားတွေသတင်းရထားတာက ဗမာတပ်တွေရွာထဲဝင်ရင်ရွာသားတွေရဲ့ ဆန်၊ဆီဆားပိုင်ဆိုင်မှုကို လုယက်စား သောက်တယ်မဟုတ်လား။ ခုတော့ အဲလိုမဟုတ်ဘဲ ပိုက်ဆံပေးနေတယ်ဆို တော့ ရွာသားတွေက ကြောင်နေကြတယ်။ ဟွေ့မူး ဟွေ့ပွန်းက ကျနော်တို့ထိန်းချုပ်နယ်မြေထဲလေ။ ဟွေ့ပုံကျတော့ သူတို့ဖက်ပေါ့။ ကျနော်တို့ကိုဘာမှ သတင်းမပို့ သတိမပေးဘဲ ဟွေ့မူးဟွေ့ပွန်းထဲ အထိ သူတို့လုပ်ချင်တာလာလုပ်နေတော့ ကျနော်တို့ဖက်ကလဲ စစ်အင်အားအသင့် ပြင်ထားတယ်။ မနေ့ကအထိတော့ သူတို့ ပြန်မဆုတ်သေးဘူး” ဟု ရှင်းပြသည်။
မိုင်းယန်းနှင့်မိုင်းလွေစပ်ကြား အဆိုပါ နယ်မြေထဲသို့ ပြီးခဲ့သည့် ဂျူလိုင်လ ၂၄ ရက်ကလည်း မြန်မာစစ်တပ် အင်အား ၁၅၀ ကျော် ဝင်ရောက်ခဲ့ဖူးသည်။ မိုင်းလားဖက်အင်အားဖြည့်သတိပေးခဲ့သောကြောင့် ယခုလ ၁ ရက်နေ့က တပ်ဆုတ် သွားခဲ့သည်။ ယခုတခါ ဒုတိယအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။
မိုင်းလားမှ ရပ်မိရပ်ဖတဦးက မြန်မာစစ်တပ်များ ငွေစင်ငွေခဲသတ္တုထွက်ရှိရာဒေသအတွင်းသို့ဝင်ရောက်လှုပ် ရှား နေခြင်း နှင့်ပါတ်သက်၍ ‘သူတို့ လာပြီး သတ္တုတူးယူနေတာဟာ မီးစကို မွေးနေတာနဲ့တူတယ်။မိုင်းလား တပ်ဖွဲ့ကိုလဲ ဘာမှ အသိမပေးဘူး။ အဲ့ဒီမီးစက ကြီးလာမှာမလွဲဘူး၊ ဘယ်ကုမ္ပဏီကိုကန်ထရိုက်ပေးမှာလဲ တော့မသိဘူး’ ဟု ပြောသည်။