သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အားမြန်မာ စစ်တပ် တပတ်ကျော်ကြာ ဝိုင်းရံနေချိန် သျှမ်းပြည် တပ်မတော် SSA နှစ်ဖွဲ့ ဟန်ချက်ညီညီတိုက်ခိုက်နေ ကြောင်း စုံစမ်းသိရှိရပါသည်။
“ကျနော်တို့ ဌာနချုပ်ဘက်ကို အင်အားထပ်ဖြည့်မယ့် ဗမာတပ်တွေကို စဝ်ယွက်စစ်ခေါင်းဆောင်တဲ့လက် အောက်ခံတပ်တွေက လမ်းမှာဖြတ်တိုက်တယ်။ မနေ့က မိုင်းနောင်ဘက်မှာတိုက်ပွဲအကြီးအကျယ်ဖြစ်တယ်။ ကျေးသီး မိုင်းနောင်လမ်းဘက်လဲ အဲလိုဘဲ”- ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။
ဂျူလိုင် ၂၇ ရက် သျှမ်းပြည်တပ်မတော် SSPP/SSA မှ သီပေါမြို့နယ် မိုင်းတုံ - မိုင်းလာ ကျေးရွာအုပ်စု၌ တိုက်ပွဲ နှစ်ကြိမ်၊ မိုင်းရှူး မြို့နယ်၌ တကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA အနေဖြင့် လည်း SSPP/SSA ဌာနချုပ် ဝမ့်ဟိုင်း ဘက်အင်းအားဖြည့်သည့်မြန်မာစစ်တပ်အား မိုင်းနောင်မြို့ နယ်ခွဲ အတွင်း ခြုံတိုက်ခိုက်သောကြောင့် မြန်မာဘက်က ဗျူဟာမှူး အဆင့်အပါအဝင် တပ်ကြပ်တယောက်၊ စစ်သည် တယောက် ဒဏ်ရာရသွားကြောင်း - ပြောပါသည်။
“ကျနော်တို့လှုပ်ရှားနေတဲ့ နယ်မြေအတွင်းမှာဘဲ တိုက်ခိုက်တာပါ။ မြောက်ပိုင်းနယ်မြေကို မြန်မာတပ်တွေ အင်အားသွားဖြည့်မယ့် သတင်းရထားလို့ ခြုံခိုတိုက်ခိုက်တာဘဲဖြစ်ပါတယ်။ ဘယ်နေရာဘဲတိုက်တိုက် ဘုံရန် သူတယောက်ထဲကိုဘဲ တိုက်တယ်ဆိုတော့ သဘောတူညီချက်အရ ကူညီတိုက်ခိုက်တာပါဘဲ” - ဟု RCSS ပြောရဲဆိုခွင့် ဗိုလ်မှူးလောဝ်ဆိုင် ကပြောပါသည်။
ဂျူလိုင် ၂၅ ရက်က မြန်မာစစ်တပ် စကခ ၁၇ လက်အောက်ခံ မိုင်းပန်အခြေစိုက် ခမယ ၅၇၇ တပ်ရင်းအား RCSS/SSA လက် အောက်ခံတပ်ဖွဲ့တဖွဲ့က မိုင်းနောင်မြို့နယ်ခွဲ ဝမ့်စင်းတိုက်နယ် နမ့်မောင်တံတား နှင့် လုံယန်းကွင်းပြင် အကြား ခြုံခိုတိုက်ခိုက် ခဲ့ကြောင်း၊ မြန်မာဘက်မှာ ဗျူဟာမှူး ဗိုလ်မှူး ဝင်းညွှန့် အပါအဝင် တပ်ကြပ်ကြီးတယောက်၊ ရဲဘော်တယောက် ဒဏ်ရာအပြင်း အထန် ရရှိပြီး ရှေ့မတက်ရဲဘဲ နောက်ပြန်လှည့် သွား ကြောင်း ဆိုသည်။
သီပေါမြို့နယ်အတွင်းတိုက်ပွဲတွင် SSPP/SSA သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ လက်လောက်ခံ ဗိုလ် စိုင်းယွေး ဦးဆောင် သည့် စစ်ကြောင်းတကြောင်း မြန်မာတပ် ခမယ ၃၂၅ အား မိုင်းတုံတိုက်နယ်၊ မိုင်းလာ ကျေးရွာအုပ်စု၊ ပုံလျဲန်းရွာအနီး၌ ယမန့် နေ့က နှစ်ကြိမ်ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း၊ မွန်းတည့်ချိန်တိုက်ပွဲတွင် မြန်မာဘက်မှ ရဲဘော်တယောက်သေဆုံးပြီး ၅ ယောက် ဒဏ် ရာရရှိကြောင်း၊ ညနေပိုင်းတိုက်ပွဲ အပြင်းအထန် တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း အသေအပျောာက်စာရင်းမရရှိသေးကြောင်း ဗိုလ်မှူးစိုင်လ ကပြောပါသည်။
မြန်မာအစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော်အကြား ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲငယ်များ ဆက်တိုက် ဖြစ်ပွား၏။ ဌာနချုပ် ဝမ့်ဟိုင်းအားလည်း မြန်မာတပ် ၁၀ ရင်းကျော်က ဝိုင်းရံထားဆဲဖြစ်၏။ ထိုအခြေအနေ အတွင်း အပစ်ရပ်ပြီး ငြိမ်းချမ်းရေး တည် ဆောက်ရန် မြန်မာဘက်မှ သံဃာတော်နှစ်ပါးစေလွှတ်ပြီး ဆွေးနွေးခဲ့ သေး၏။ သျှမ်းပြည်တပ်မတော်ဘက်တွင်မူ ရှေ့တန်းတက် မြန်မာ တပ်များရုပ်သိမ်းပေးခြင်းမရှိဘဲ ငြိမ်းချမ်းရေး အတွက်ကမ်းလှမ်းလာသည်မှာ အပြောနှင့် လက်တွေ့အလုပ်မညီဟု ဝေဖန်သုံးသပ်ပါသည်။