KIA နှင့် အစိုးရတပ် လက်နက်ကိုင်ပဋိပက္ခ အကြား အရပ်သားများ ဓါးစာခံဖြစ်

KIA နှင့် အစိုးရတပ် လက်နက်ကိုင်ပဋိပက္ခ အကြား အရပ်သားများ ဓါးစာခံဖြစ်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် KIA နှင့် မြန်မာအစိုးရစစ်တပ်တို့ လက်နက်ကိုင်ပဋိပက္ခများ အတွင်း နှစ်ဘက် စလုံး၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှုများ ရှိကြောင်း သိရသည်။

ယခုလ ၉ ရက်နေ့ ည ၉ နာရီခန့်က မိုးမောက်မြို့နယ် လောဒန်ကျေးရွာရှိ လမ်းဘေးထမင်းဆိုင်ပိုင်ရှင် မောင်စိုးဆိုသူ သေ နတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လောဒန်ရွာပေါ့ မိုးမောက်နဲ့ လွယ်ဂျယ် ကားလမ်းဘေးမှာရှိတယ်။ အဲဒီရွာမှာ ၉ ရက်နေ့ ည ၉ နာရီလောက် က လမ်းဘေး ထမင်းရောင်းတဲ့ မောင်စိုး အသက်က ၃၈နှစ် သေနတ်နဲ့ပစ်သတ်ခံရတယ်။လမ်းဘေး ထမင်းဆိုင် ဆိုတော့ စားကြ သောက်ကြနဲ့ လူစုံတော့ ဘယ်သူ ပစ်သတ်သွားမှန်း မသိဘူး ” ဟု သူက ဆိုသည်။

KIA တပ်ဖွဲ့ဝင်များ အဆိုပါ လောဒန်ရွာသို့ အဝင်အထွက်ရှိသဖြင့် ယခုပစ်ခတ်မှုသည် KIA လက်ချက်ဖြစ်ဖွယ် ရှိကြောင်း ဒေသခံများက ထင်ကြေးပေး ပြောဆိုသည်။

အလားတူ ယခုလ ၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် လက်အောက်ခံ ခလရ ရ၄ မှ  ဝင်းစင့်ရွာအနီးသို့ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ လယ်ကွင်းအနီး ကျည်ကျပေါက်ကွဲသဖြင့် ဝင်းစင့် ရွာသူတစ်ဦး သေဆုံးခဲ့ရပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နှစ်ဘက်လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားပြည်သူများအပေါ် မှားယွင်းပစ်ခတ်မှု ၊သံသယဖြင့် ပစ်သတ်မှု နှင့် မုဒိန်းကျင့်သတ်ဖြတ်မှုများ ကျူးလွန်နေခြင်း ဖြစ်သည်။

လွန်ခဲ့သည့်လအတွင်း ကချင်ပြည်နယ် မံစီမြို့နယ် ဟန်ထက်ကျေးရွာအနီးတွင် မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ၁ ခု အပါအဝင် ပစ်သတ်ခံရ၍ သေဆုံးသူ  အမျိုးသမီး ၂ ဦးရှိခဲ့ကြောင်း သိရသည် ။

Most read this week