ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ် ၈၅ နှစ် ကျခံ နေရသည့် (အမျိုးသားစာပေဆုရ) SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်သည် ဂျူလိုင် ၃ရက်နေ့ တွင် အသက် ၆၀နှစ်ပြီဖြစ် သည်။ စိုင်းညွှန့်လွင် ၏ နှစ် ၆၀ ပြည့်မွေးနေ့ အခမ်း အနားကို ရန်ကုန်မြို့ ပြည် လမ်းကိုးမိုင်ရှိ နေအိမ်တွင်ကျင်းပရာနိုင်ငံရေးအသိုင်း အဝိုင်း လုပ်ဖော်ကိုင်ဖက်များကတက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
စိုင်းညွန့်လွင်၏ဇနီး နန်းခင်အုန်းတင့်က - “မွေးနေ့ရှင်မပါဘဲ မွေးနေ့ပွဲကျင်းပရတော့ စိတ်မကောင်း ဖြစ်မိတာ ပေါ့။ ဘုန်းကြီးငါးပါးကို အာရုံဆွမ်းကပ်တယ်။ အိမ်မှာ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးတယ်။ မွေးနေ့ပွဲမှာ သူ့ကိုပါ စေချင် တာပေါ့။ ဒါပေမဲ့လို့လဲ လွတ်ငြိမ်းချမ်းသာခွင့်မှာ မပါတဲ့အတွက် စိတ်မကောင်းတော့ ဖြစ်တာ ပေါ့။ သူ့အတွက် ကျန်းကျန်း မာမာနဲ့ ဒီထက် အသက်ပိုရှည်အောင် ဆိုပြီးတော့ ကုသိုလ်ရေး လုပ်ပေးတာပေါ့။ စိုင်းညွန့်လွင်နဲ့ ကျမတို့ပါတီဥက္ကဌကြီး အပါအဝင် နိုင်ငံရေးအကျဉ်း သားတွေကို အမြန် ဆုံးလွတ်ပေးဖို့ မိသားစု တစ်ယောက်အနေနဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုတောင်းဆိုချင်ပါတယ်”
မွေးနေ့ပွဲသို့ တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးအေးသာအောင် ၊ နိုင်ငွေသိန်း၊ အန်ကယ် ဦးသာဘန်း၊ အပါအဝင် NLD က ဦးဉာဏ်ဝင်း၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဦးအောင်သိန်း တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစိုင်းညွန့်လွင်၏ နှစ် ၆၀ ပြည့်မွေးနေ့မှ ထုတ်ပြန် ကြေငြာချက် မရှိသော်လည်း တိုင်းရင်းသားခေါင်းဆောင် များအားလုံး၊ အကျဉ်းသား အားလုံးလွတ်မြောက်ဖို့အတွက် ဆန္ဒရှိကြကြောင်း ရခိုင်အမျိုးသား ခေါင်းဆောင် ဦးအေးသာအောင် ကပြောသည်။
“ကျနော်တို့ မျှော်မှန်းထားတာက အစိုးရသစ်ဆိုတဲ့ ပုံစံနဲ့အညီ နိုင်ငံတကာဘဲကြည့်ကြည့် ရှေးယခင်မြန်မာ သမိုင်း မှာ ဘဲကြည့် ကြည့် တက်လာတဲ့အစိုးရတိုင်းလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ ရှိပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာအစိုးရ သစ်လို့ကြွေးကြော်ထားတဲ့ အတွက်နိုင်ငံရေးအကျဉ်းသားတွေကိုချွင်းချက် မရှိလွတ်ပေး လိမ့်မယ် လို့ထင်ခဲ့တယ်။ ဒါပေမဲ့ ၁ နှစ်ဘဲလွတ်ပေးလိုက်တယ် ဆိုတော့ ဒါဟာ နှစ် ၈၀ ကျော်ကျခံနေတဲ့ သျှမ်းခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသား ကို လှောင်ပြောင် သရော်လိုက် သလို ဖြစ်တဲ့အတွက်ကြောင့် ဒီအပေါ်မှာ တော်တော့ကို စိတ် မသက်သာဖြစ်ရတယ်။ ”
စိုင်းညွန့်လွင်၏ နှစ် ၆၀ ပြည့်မွေးနေ့ပွဲမှ ကျန်းကျန်းမာမာဖြင့် ပြန်ထွက်လာနိုင်ဖို့ အကျဉ်းကျကာလတွင် မိမိကျန်းမာရေး ကိုကောင်းမွန်အောင်ဂရုစိုက်နေထိုင်ဖို့ စကားလက်ဆောင်ပါး ခဲ့ကြောင်း ဦးအေးသာအောင် ကပြောသည်။
ကေအိုင်အိုအပါအဝင်အေအန်ယူ၊ အက်စ်အက်စ်အေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ထိုးစစ်ဆင်နေ သရွေ့ အစိုးရအဆက်ဆက်က ပြောသော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် လက်တွေ့တွင် တခြားစီဖြစ်နေကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက်ရန်အတွက် တတိုင်း ပြည်လုံးအတိုင်းအတာ တိုင်းရင်းသား အဖွဲ့များနှင့် ဆွေးနွေးပြီး ပင်လုံ အခြေခံ နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးမှသာ စစ်မှန်သော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြည်တွင်းငြိမ်းချမ်းရေးကိုတည် ဆောက်နိုင်မည် ဖြစ်ကြောင်း သို့မှသာ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီကို တည်ဆောက်နိုင် မည်ဖြစ်ကြောင်း ဦးအေးသာအောင် က ပြောပါသည်။
သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ရ ရက် သျှမ်းပြည်မွေးနေ့ ညစာ စားပွဲ အပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ဥက္ကဌ စဝ်ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ အားရန်ကုန် မြို့ နေအိမ်၌ နအဖစစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သျှမ်းပြည် အတိုင်ပင်ခံကောင်စီဖွဲ့စည်း မှု စွပ်စွဲချက်အပြင် အခြားအမှုပေါင်းများစွာရှာကြံ၍ ထောင်ဒဏ်နှစ်ရှည်များ အသီးသီးချမှတ်ခဲ့သည်။