ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ စစ်တပ်တို့ နှစ်ဘက်တိုက်ပွဲများဖြစ်ပွား ရာကချင်ပြည် နယ် ဗန်းမော် ခရိုင် မံစီမြို့နယ် ဟန်ထက်ရွာ နှင့် ကွေ့ကြီးရွာ အကြားတံတား တစ်ခုတွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က မြန်မာ စစ်တပ် မှလူမှားပစ်ခတ် သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီးအမျိုးသား တစ်ဦးဒဏ်ရာရရှိ သွားကြောင်း သိရသည်။
အဆိုပါ အပစ်ခံရသူနှစ်ဦးမှာ စာဝတီးရွာသား လင်မယားစုံတွဲနှစ်ဦးဖြစ်ပြီး ဟန်ထက်ရွာမှ အပြန်လမ်းတွင် ခမရ ၁၀၅ မှ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သေဆုံးသူနှင့်နီးစပ်သည့် ဟန်ထက်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သူတို့က ဟန်ထက်ကို ကျွန်းကယ်ရီသွားပို့တာ ဘာဖြစ်လို့ ဒီအချိန်ကြီး ပြန်သလဲမသိဘူး ။ အခုကာဖျူး ထုတ်ထားတာ ။ ဟန်ထက်နဲ့ ကွေ့ကြီးရွာကြား တံတားမှာ တပ်က ပစ်တာ ခမရ၁၀၅ လို့ပြောတယ် ။ မိန်းမကတော့ ပွဲချင်းပြီး သေတယ်။ ယောက်ကျားကတော့ ဒဏ်ရာရပြီး မံစီဆေးရုံကိုညတွင်းချင်းပို့ လိုက်တယ် ” ဟု ပြောသည်။
သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၈နှစ်အရွယ် ဒေါ်သောင်းသောင်း ဖြစ်ပြီး ခင်ပွန်းမှာဦးထွန်းအေးကျော် ဖြစ်ကြောင်း သားသမီး ၃ ဦးရှိ ကြောင်း သိရသည်။
၄င်းနေ့ညက ဟန်ထက်ရွာအနီးရှိ မြန်မာကင်းစခန်းတစ်ကို ကေအိုင်အေတပ်ကဝင်ရောက်ပစ်ခတ်ခဲ့သေး ကြောင်း သိရသည်။
ယခုလ ၁၄ ရက်နေ့ကလည်း မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီး KIA နှင့်နအဖတပ်တို့ တပ်ပွဲဖြစ်ပွားခဲ့ သေးရာ ရေကူး - မန့်ခန်ရွာသား အဖွား အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
စစ်မက်ဖြစ်ပွားနေမှုအပေါ် စိုးရိမ်နေကြသည့် ဒေသခံများက ယခုအခါ ဆန် ၊ ဆီ ၊ ဆားများဝယ်ယူစုဆောင်း နေသဖြင့် မြို့ ပေါ်ဆိုင်များတွင် ရိက္ခာများ အထူး အရောင်းသွက်နေကြောင်း သိရသည်။