လတ်တလော မြန်မာစစ်တပ်နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA ထိန်း ချုပ် ဒေသအတွင်းရှိ တရုတ် - မြန်မာ နယ်စပ် ဆက်သွယ်ရေး လမ်းတံတားများ ယမန် နေ့ညပိုင်းက မိုင်းခွဲဖျက်ဆီး ခံခဲ့ရကြောင်း ဒေသခံများ အဆိုအရသိရသည်။
ယမန်နေ့ညပိုင်းက ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) နယ်စပ်အတွင်း အနည်းဆုံး တံတား ၆ စင်းခန့် ဖေါက်ခွဲ ခံရသဖြင့် ဗန်းမော် - လွယ်ဂျယ် ၊ ဗန်းမော် - နမ့်ခမ်းနှင့် မြစ်ကြီးနား ၊ ဗန်းမော် လိုင်ဇာ ကားလမ်းများ တွင် ကားအသွားအလာ မရှိတော့ဟု သိရသည်။
ယမန်နေ့ည ၈ နာရီခန့်က KIA ဋ္ဌာနချုပ်လိုင်ဇာမြို့ နှင့် ဆက်သွယ်ထားသော ဝိုင်းမော်မြို့အဝင်နမ့်မြစ် ဘေလီတံတား ဖေါက်ခွဲခံခဲ့ရကြောင်းဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“မြစ်ကြီးနားကနေလာရင် မိုင်းနားပေါ့ အဲဒီကနေ ဝိုင်းမော်မြို့ အဝင် ပေ ၁၀၀ ဝန်းကျင်ရှိတဲ့ ဘေလီ တံတား ပေါ့ ည ၈ နာရီ လောက်မှာ မိုင်းခွဲခံလိုက်ရတယ်၊ တံတားတစ်ခြမ်းစောင်းသွားတယ် ကားသွား လို့မရတော့ဘူး အခုချောင်းရေ ကလည်း ကြီးနေတယ်” ဟု ဆိုသည်။
၎င်းည ၁၁ နာရီခန့်တွင် ဗန်းမော် - နမ့်ခမ်းကားလမ်းပေါ်ရှိ မန့်ဝိန်းကြီးကျေး ရွာအုပ်စု မန့်ဟွေ့ - မန့်မွန်း တံတားနှင့် KIA တပ်ရင်း အခြေစိုက်ရာ တိန်ဂီနီရွာအနီးရှိ တံတားများ ဖျက်ဆီးခံခဲ့ရကြောင်း မန့်ဝိန်းကြီး ဒေသခံကပြောသည်။
လွယ်ဂျယ်မြို့ခံ တစ်ဦးကလည်း ဗန်းမော် - လွယ်ဂျယ် ကားလမ်းပေါ်ရှိ တံတားတစ်ခု ဖျက်ဆီးခံခဲ့ရသဖြင့် ကားအသွား အလာ လုံးဝ မရှိတော့ကြောင်း ပြောသည်။
အလားတူ နမ့်ခမ်းမြို့ရွှေလီရေအားလျှပ်စစ်စီမံကိန်း ကားလမ်းပေါ်ရှိ ဟင်လုံ - ဟန်ကမ်းရွာ နမ့်ထွန့်ချောင်း တံတား လည်း ညပိုင်းက ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ယခုလ ၁၃ ရက်နေ့ကလည်း တာပိန်မြစ်အနီးရှိ နမ့်ဖတ်ကာ ချောင်းကူးတံတား တစ်ခုဖျက်ဆီးခံခဲ့ရသေး သည်။
ယခုအခါ သျှမ်းပြည် (မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်အတွင်း မြန်မာတပ်မများ အင်အားဖြည့်တင်း ရောက်ရှိလာသည့် သတင်းများ ထွက်ပေါ်နေပြီး ဒေသတွင်း အခြေအနေမှာ စိုးရိမ်ရေအမှတ်ရောက်ရှိ နေသည်။