သျှမ်းပြည် (မြောက်ပိုင်း) တွင် လျှပ်စစ်မီတာခ စျေးလျှော့ကောက်

သျှမ်းပြည် (မြောက်ပိုင်း) တွင် လျှပ်စစ်မီတာခ စျေးလျှော့ကောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်း လျှပ်စစ် မီတာခ တစ်ယူနစ် ၂၅ ကျပ်နှုန်း လျှော့ချ ကောက်ခံ လိုက်ကြောင်း မူစယ်လျှပ်စစ်ဋ္ဌာန သတင်း ရပ်ကွက် အဆိုအရ သိရသည်။

ယခုလ ၅ ရက်နေ့က မူစယ်နှင့်နမ့်ခမ်းမြို့များသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ရောက်ရှိလာပြီးနောက် ယခုလ ၁ ရက်နေ့မှ စ၍ မီတာခစျေးနှုန်းများ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

shwe-li-power

မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်မီတာခ တစ်ယူနစ် ၂၅ ကျပ်နှုန်းသတ်မှတ်ထားသော်လည်း မူစယ်ခရိုင်၌ ၁၂၅ ကျပ် မှ ကျပ် ၂၀၀ အထိ ကောက်ခံနေခြင်းဖြစ်သည်။

“မူစယ်မြို့ပေါ်မှာ ပုံမှန်ကတော့ တစ်ယူနစ် ၁၂၅ ကျပ်နှုန်းကောက်တယ် ငွေဆင်အိမ်ယာနဲ့ ဆင်ဖြူစျေးကြီးမှာ တစ်ယူနစ် ကျပ် ၂၀၀ ကောက်တယ်” ဟု မူစယ်ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့လျှပ်စစ်မီတာခစျေးများ ၂၅ ကျပ်အထိ လျှော့ချလိုက်သည်ဟု ဆိုသော်လည်း ယခုလအတွက် မီတာခရှင်းရာတွင် စျေးလျှော့ချမှု အနည်းငယ်သာရှိကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“၂၅ ကျပ်အထိလျှော့မယ်လို့ ပြောနေတာပဲ ဒါပေမဲ့ဒီလဆန်းက မီတာခသွင်းတော့ အရင် ၁၂၅ ကျပ်ကနေ အခု ၁၀၀ ပေး ရတယ် ဘီလ်မထွက်သေးဘူး နောက်လလောက်မှ သိရမယ်ထင်တယ်” ဟု ပြောသည်။

နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာအနီး ရွေလီမြစ်ပေါ် တည်ဆောက်ထားသော ရွေလီရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိ သည့် လျှပ်စစ်ဓါတ်အားကို သျှမ်းပြည်( မြောက်ပိုင်း) မူစယ် ၊ နမ့်ခမ်းဒေသများအတွင်း ၂၀၀၉ ခုနှစ်မှစတင် ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ဒေသခံများက ဒေသထွက်လျှပ်စစ်ဓါတ်အားကို နိုင်ငံတစ်ဝန်းသတ်မှတ်စျေးထက် ၄ ဆ ခန့်ပိုပေး သုံးစွဲနေရခြင်း ဖြစ်သည်။

Most read this week