ကာလိမြို့နယ်ခွဲ လွယ်ဖာနှင့် သီပေါမြို့နယ် မိန်းခေး သျှမ်းပြည်သူ့စစ်ခေါင်းဆောင်များအား ရမခတိုင်းမှူး ဆင့်ခေါ် ကာ SSPP/SSAဝမ့်ဟိုင်း တပ်ဖွဲ့အား ပြည်သူ့ စစ်အသွင်ပြောင်းအောင် ထပ်မံစည်းရုံး ဆွဲဆောင် ခိုင်းကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။
“လွယ်ဖာပြည်သူ့စစ်ခေါင်းဆောင် ဦးလောင်ကွမ်းနဲ့ မိန်းခေးပြည်သူ့စစ်ခေါင်းဆောင် ဦးလှမြင့်ကို ရမခတိုင်းမှူး က လားရှိုးစစ်တိုင်းရုံးကိုခေါ်တာ။ သူတို့ဥက္ကဌ ဦးလွယ်မောင်းလဲ လူ ၂၀ ကျော်နဲ့ အတူ ဦးဆောင်လိုက်ပို့ တယ်။ တိုင်းရုံး က ရွှေလီခန်းမမှာ ၁ နာရီလောက်ဘဲစကား ပြော ဖြစ်ကြတယ်” ဟု စိန်ကျော့ဌာနေပြည်သူ့ စစ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးကပြောသည်။
ရမခတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇော နှင့်အတူ စရဖ ဂျီဝမ်း ဒု-ဗိုလ်မှူးကြီးထွန်းထွန်းညီ ဗိုလ်မှူးကြီး မျိုးချစ် တို့လည်း ပါဝင်သည်ဟုသိရ၏။ ၂၂ ရက်နေ့ ည ရ နာရီမှ ၈ နာရီအထိသာတွေ့ ဆုံခဲ့ကြသည်ဟုဆို ၏။
“အဓိက တိုင်းမှူးပြောသွားတာက- ဒီ လွယ်ဖာ၊ မိန်းခေး ပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ မတွေ့ဖူးသေးတော့ ခေါ် တွေ့တာပါတဲ့။ နောက်တခုက ဝမ့်ဟိုင်းအဖွဲ့ကို ပြည်သူ့စစ်ပြောင်းချင်လာအောင်ဆွဲဆောင်ပါ- တဲ့။ သူတို့ ဖက်ကလဲ- မြန်မာစစ်တပ်နဲ့ ဝမ့်ဟိုင်းနဲ့ တိုက်ခိုက်ကြပြီးတဲ့နောက်ပိုင်း ဝမ့်ဟိုင်းနဲ့ အဆက်အသွယ်မရှိတော့ ဘူး။ ဒီအခြေအနေ မှာ ပြည်သူ့စစ်အသွင်ပြောင်းဖို့ ဆွဲဆောင်တိုက်တွန်းဖို့လွယ်တော့မှာ မဟုတ်ဘူးလို့ - ပြန်ဖြေ တယ်” ဟု ၎င်းက ဆက်ပြောပြသည်။
အတည်မပြုနိုင်သေးသည့်အခြားသတင်းအရ- သံလွင်အရှေ့ခြမ်း ဝ ထိန်းချုပ်နယ်မြေဖြစ်သော မန်းဆိုင်၊ ဝမ့်တွန်း၊ ဟိုပန်၊ ပန်လုံ ဖက်မြန်မာစစ်တပ်စစ်ဆင်ရေးလုပ်ခဲ့ပါက သျှမ်းပြည်သူ့စစ်များအား ခေါ်ယူမည်ဟု ရမခ တိုင်းမှူးပြော ဆိုချက်နှင့်ပါတ်သက်၍ လားရှိုးရှိ ဦးလွယ်မောင်းနေအိမ်၌ ထပ်မံဆွေးနွေး ခဲ့ကြသေးသည်ဟု ရွှေလီရှိ မိန်းခေးပြည် သူ့ စစ်မိသားစုဝင်တဦးကလည်း ပြောသည်။
“ အဲ့မှာ ဆွေးနွေးကြတာက မလွန်ဆန်နိုင်လို့ မြန်မာစစ်တပ်နဲ့ တကယ်လိုက်ရမယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲ ပေါ့။ အများစုက မြန်မာစစ်တပ်ရဲ့ ရှေ့ပြေး လမ်းပြလုပ်ဖို့ ဘယ်သူမှသဘောမတူကြဘူး။အဲ့မှာဆုံးဖြတ်ချက် လဲ မရကြဘူး။ ကိုယ့်အဖွဲ့အစည်းအတွင်း ဆွေးနွေးပြီးမှ အကြောင်းပြန်မယ်ချည်းပြောသွားကြတယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။
ဗိုလ်မွန်းဦးဆောင်သော မန့်ပန်ဌာနေပြည်သူ့စစ်ကမူ သံလွင်မြစ် တာ့ကောင်းအက် ကူးတို့ဆိပ်အရှေ့ဖက် မန်းဆိုင် ဒေသ၌ မြန်မာစစ်တပ်နှင့်အတူ ပူးတွဲစခန်းထိုင်နေပြီဖြစ်ကြောင်း တန့်ယန်းမှဒေသခံတဦးကလည်း ပြောပြသည်။
ပြီးခဲ့သည့် ၂၀ ရက်နေ့ကလည်း သျှမ်းပြည်နယ်အစိုးရ၏ နယ်စပ်လုံခြုံရေးအကြီးအကဲ ဗိုလ်မှူးကြီးအောင်သူ လားရှိုးသို့ ရောက်ရှိခဲ့ပြီး မေ ၂၂ ရက် မူဆယ်သို့ ်တက်သွားကြောင်း ရွှေလီမှ လူငယ်က ပြောပြသည်။
၂၀၁၀ ဧပြီလက ပြည်သူ့စစ်အသွင်ပြောင်းသွားသော ဦးလွယ်မောင်းနှင့် ဦးကိုင်ဖှတို့၏ စိန်ကျော့ဌာနချုပ်ကို ဌာနေ ပြည်သူ့ စစ် အမှတ် ၁ ၊ သီပေါမြို့နယ် မိန်းခေးအခြေစိုက် ယခင်တပ်မဟာ ၃ ကိုဦးလှမြင့်ဦးဆောင် သည့် ဌာနေ ပြည်သူ့စစ် အမှတ် ၂၊ ကွန်ဟိန်းမြို့နယ် ကာလိအခြေစိုက် ယခင်တပ်မဟာ ရ ကို ဦးလောင်ကွမ်း ဦးဆောင် သည့် ဌာနေပြည်သူ့ စစ်အမှတ် ၃ စသဖြင့် ပြောင်းလဲခေါ်ဝေါ် ထားသည်။