မေလ ၂၁ ရက် ကျရောက်သော ၅၃ နှစ်မြောက် သမိုင်းဝင် သျှမ်းပြည်တော်လှန်ရေးနေ့၌သျှမ်းပြည် တပ်မတော် SSA တောင်/မြောက်တပ်ဖွဲ့မရှိတော့၊ SSA တခုတည်းသာရှိတော့သည်ဟုဗိုလ်ချုပ်ကြီး ယွက်စစ်ကြေငြာ ကြောင်း သိရှိရပါ သည်။
“ဒု ဗိုလ်မှူးကြီးယွက်စစ်က- သတင်းကောင်း ၂ ရပ်ကြေငြာတယ်။ ၁- ယခုချိန်ကစပြီး သျှမ်းပြည်တပ်မတော်မှာ SSA-S တို့ SSA-N တို့ဆိုတာမရှိတော့ဘူး။ ပူးပေါင်းလိုက် ကြပြီ။ SSA သျှမ်းပြည်တပ်မတော်တခုတည်း ဖြစ်သွား ပြီ။ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ SSA-S တို့ SSA-N တို့ မရေးသင့်တော့ဘူး- တဲ့။ နောက်နံပါတ် ၂ အချက်- အခုလ ၂၀ ရက်နေ့က နမ့်လန့် တုံလောဖက်မှာ သျှမ်းပြည် တပ် မတော်က ၂ နေရာ အလစ်တိုက်ခိုက်လို့ မြန်မာ စစ်တပ်ဖက် အများအပြားကျဆုံးတယ်တဲ့။ သျှမ်းပြည်တပ်မတော် SSPP/SSA ဖက် က ဗိုလ်မှူးကြီး စိုင်းထူး၊ ဒုဗိုလ်မှူးကြီး ဆိုင်ဖှါ့၊ ဒုဗိုလ်မှူးကြီးခမ်းတီ၊ ဗိုလ်မှူးကျော်လ၊ ဗိုလ်မှူးကြီးဆိုင်မိန်း၊ ဗိုလ်ကြီးဖုန်းနွံ၊ ဗိုလ်ကြီး ကမ့်မိန်း စတဲ့ခေါင်းဆောင်တွေလဲ တက်ရောက်ကြတယ် ” ဟု ပွဲတက်ရောက်ခဲ့သူ ကေဒါဟောင်းတဦးကပြောပြသည်။
သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို မနက် ၉ နာရီမှ ၁၁ နာရီခွဲအထိကျင်းပရာသဘာပတိ အဖြစ် ဗိုလ်ချုပ်ကဏ်းစစ်၊ စဝ်ပိုင်းမိန်း၊ စဝ်နန္ဒဦးတို့သဘာပတိဆောင်ရွက်ကြ၏။ RCSS ဒု ဥက္ကဌ ၁ဗိုလ်ချုပ် စိုင်းယီ၊ PNLO ဒု ဉက္ကဌ ခွန်တီဆောင်နှင့် WNO မှ ဗိုလ်မှူးလှထွေး တို့က မိန့်ခွန်းပြောကြားပြီး မဟာမိတ် တပ်ဖွဲ့များဖြစ်ကြသော KNPP, KNU, PSLF နှင့် Burma Campaign UK တို့ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားကြ၏။ စစ်ရေးပြ အခမ်းအနား၌ ချီတက်အလေးပြုကြသူများမှာ တပ်မဟာ ၂ ခု၏ ၅ တပ်ရင်းမှ အင်အား ၁၇၇၆ ဦးရှိစစ်သည် များဖြစ်ကြောင်းသတင်း ပေးပို့ အစီရင်ခံစာအရကြားသိရသည်။
အခမ်းအနားအပြီး မွန်းလွဲပိုင်း၌်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူ ဧရာဝတီသတင်းဌာန၊ ဒီမိုကရက်တစ် မြန်မာ့ အသံ (ဒီဗွီဘီ) ၊ Shan Youth Power ခေါ် သျှမ်းလူငယ့်အင်အားအဖွဲ့၊ သျှမ်းသံတော်ဆင့် အပြင် ပြည်ပ ရုပ်မြင်သံကြားသတင်းဌာနများဖြစ်သော ထိုင်း NBT –TV ၊ Thai PBS ၊ ပရချားထိုင်း၊ Taiwan ၏ NEXT –TV တို့ တက်ရောက်ကြကြောင်း သိရသည်။
“ ဖြေကြားပေးကြတာက လက်ရှိ RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ SSPP/SSAရဲ့ဒုတိယအတွင်း ရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး ။ သျှမ်းသံတော်ဆင့်အနေနဲ့ မေးဖြစ်တာက တရုတ်ပြည်ကိုမေ ၂၆ ရက်မှာ သွားမယ့် ဗိုလ်သိန်းစိန် တို့အဖွဲ့အပေါ် အမြင်။ စဝ်ယွက်စစ် ပြန်ဖြေတာက တရုတ်က မြန်မာရဲ့အတွင်းအဇ္ဈိတကိုကောင်း ကောင်းမြင်တယ်။ မြန်မာကလည်း တရုတ်ရဲ့ဆန္ဒနဲ့လိုလားမှုကိုကောင်းကောင်းသိတယ်။ အမျိုးသားရေး အတွက် လက်နက်ကိုင်တိုက် ခိုက်နေတဲ့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေကို တရုတ် က ဖိအားပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုးကန့် အရေးအခင်းတုန်းက အတွေ့အကြုံရှိပြီးသားလေ- လို့ပြန်ဖြေတယ်။ နောက်တခုမေးဖြစ်တာက- စည်းလုံးညီညွတ် ရေးဘယ်အဆင့်ရောက်ပြီလဲ။ ဥက္ကဌက - အခု ကျနော်တို့စည်းလုံး မှုရနေပြီတဲ့။ ရန်သူကလဲ ဘုံရန်သူဖြစ်နေပြီဆို တော့ ကျန်တဲ့အသေးစိတ်ပေါ်လစီပိုင်းဆက်ညှိတာလောက် ဘဲကျန်တယ် - လို့ပြန်ဖြေတယ်” ဟု အခမ်းအနား တက် ရောက်ခဲ့သည့် သျှမ်းသံတော်ဆင့် မှ ဦးစိန်ကြည်က ပြောသည်။
ယခု ၅၃ နှစ်မြောက် ခုခံတော်လှန်ရေးနေ့၏ ထူးခြားချက်တခုမှာ SSA စစ်ယူနီဖောင်းအင်္ကျီ ဘယ်ဖက် လက်မောင်း တပ်ယခင် ကျားခေါင်းတံဆိပ် အစား တကိုယ်လုံးပေါ် ကျားရုပ်ပြောင်းလဲ လိုက်သည်ဟု ဦးစိန်ကြည်က ပြောသည်။
သတင်းဌာနများ၏ အမေးအဖြေများကို ခြုံငုံ တင်ပြလိုက်ရပါသည်။
၁ - ဒု သမ္မတသစ် ဒေါက်တာစိုင်းမောက်ခမ်းနဲ့ဆက်သွယ်ဖူးပါသလား။
အဆက်အသွယ် မလုပ်ဖူးပါဘူး။ အခွင့်အခါရခဲ့ရင်တော့ ကြိုးစားဆက်သွယ်ချင်ပါတယ်။ သျှမ်းအမျိုး သားတ ယောက်အနေနဲ့ ဒုသမ္မတဖြစ်လာတာကို ဂုဏ်ယူပါတယ်။ သျှမ်းပြည်လူထုကို ပံ့ပိုးကူညီနိုင်လိမ့်မယ်လို့မျှော်လင့် တယ်။ ဒါပေမယ့် သမ္မတသိန်းစိန်က သူ့ကို လုပ်ပိုင်ခွင့်ပေးမလား၊ သူ့အနေနဲ့ဘယ်လောက်လုပ်ရဲမလဲဆိုတာကို စောင့်ကြည့်ရမှာပါ။
၂- မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွါးနေတဲ့ သျှမ်းပြည်တပ်မတော် SSPP/SSA ပံ့ပိုးကူညီမှုရှိပါသလား။
ရှိပါတယ်။ အထူးသဖြင့် စားနပ်ရိက္ခာ သတင်းအချက်အလက်နဲ့ချိန်ကိုက်တိုက်ပွဲတွေပေါ့။ မြန်မာစစ်တပ်နဲ့ မတိုက်ခင်ကတည်းက အဆက်အသွယ် နားလည်မှုရှိကြပါတယ်။
၃- လက်နက်ကိုင်တော်လှန်ရေး ၅၃ နှစ်တာကာလအတွင်း အဆိုးအကောင်း အရှုံးအမြတ် ဘာတွေရှိပါသလဲ။
အမြတ်ဆိုရင်တော့ အတွေ့အကြုံအများကြီးရခဲ့တယ်။ သျှမ်းပြည်သူလူထုကလဲ ရန်သူ၊ မိတ်ဆွေ ၊ အဆိုး၊ အကောင်း ခွဲခြားတတ်လာတယ်။ ရည်မှန်းချက်ပန်းတိုင်ပိုနီးလာတယ်။ အရှုံးကတော့ ခိုင်မာတဲ့ တပြည်လုံး စည်းလုံးညီညွတ်မှု မရနိုင်သေးတာဘဲ။
၄- မြန်မာစစ်တပ်ကနေ တိုက်လေယာဉ်တွေနဲ့ လာပစ်နိုင်တဲ့အလားအလာရှိပါသလား။ ပြင်ဆင်မှုတွေရှိပါသလား။
ရှိပါတယ်။ သူတို့က လူ၊ လက်နက် အင်အားကြီးမားပေမယ့် ကျနော်တို့ဘက်က စိတ်ဓါတ်အင်အား ကြီးမားတယ်။
၅- သျှမ်းပြည်မှာ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုပိုများလာတယ်။ ထိခိုက်ဂယက်ရိုက်ခတ်မှုရှိပါသလား။
မူးယစ်ဆေးပြသနာဟာ သျှမ်းပြည် ဗမာပြည်ရဲ့ ပြဿနာတင်မဟုတ်ဘူး။ ကမ္ဘာနဲ့အဝှမ်းရင်ဆိုင်နေရတဲ့ ပြသနာဖြစ် တယ်။ ကျနော်တို့ သျှမ်းပြည်တပ်မတော်အနေနဲ့ တတ်နိုင်သလောက်မူးယစ်ဆေးဝါး ကာကွယ်နှိမ်နှင်းရေး လက် တွေ့ကျကျ လုပ်ဆောင်နေပါတယ်။ မြန်မာအစိုးရကတော့ တိုင်းရင်းသားတွေကို နှိပ်ကွပ်ဖို့ မူးယစ်ဆေးဝါးကိုနိုင်ငံ ရေးလက်နက် အဖြစ်အသုံးပြုနေတယ်။
၆- သျှမ်းပြည် မြန်မာပြည်အပေါ် အနောက်နိုင်ငံတွေရဲ့ ဩဇာ သက်ရောက်မှုရှိပါသလား။
အိမ်နီးချင်း တရုတ်၊ အန္ဒိယ၊ ထိုင်း နိုင်ငံတွေအပါအဝင်အနောက်နိုင်ငံတွေကလဲဒီမူးယစ်ဆေးဝါး ပြဿနာကို ကမ္ဘာ က လျစ်လျူရှုလို့ မရပါဘူး။
၇- အခု တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ဆက်ဆံမှုအခြေအနေကော။ (SSPP/SSA ရဲ့ အတွင်းရေးမှူးဗိုလ်မှူး ကြီး စိုင်းထူး)
အခု ဒီကိုရောက်နေတဲ့ကျနော်တို့ခေါင်းဆောင်ပိုင်းက ရ ယောက် လောက်ရှိတယ်။ ကျနော်တို့ရှေ့ဆက်ရမယ့် လုပ် ငန်းစဉ်တွေ ဆက်လက်ဆွေးနွေးနေတယ်။ ဒု ဗိုလ်ချုပ်ကြီးယွက်စစ် နဲ့ ကျနော်တို့ သိကျွမ်းခင်မင်ကြတာ အခုမှမ ဟုတ်ပါဘူး။ ကျနော်တို့ ၁၉၉၆ စက်တင်ဘာလ ၁၃ ရက်နေ့ ကတည်းက သဘောတူထားတဲ့ညီညွတ် ရေးကိစ္စကို မုချအကောင်အထည်ဖေါ်ချိန်ရောက်ပါပြီ။
၈- US,NATO တို့လို အနောက်အုပ်စု အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုကူညီထောက်ပံ့ လိုပေမယ့် အာဖဂန်နစ်စတန် အီရတ် လစ်ဗြား နိုင်ငံတို့လို ပြဿနာဖြစ်မှာစိုးလို့၊ ပြည်တွင်းစစ်ပိုရှုပ်ထွေး သွားမှာစိုးလို့ လို့တချို့က ပြောတယ်။
မဖြစ်နိုင်ပါဘူး။ သူတို့နဲ့ ကျနော်တို့နဲ့ အခြေအနေချင်းကမတူဘူး။ ကျနော်တို့ကိုတကယ်ကူညီချင်ရင် ကျနော်တို့ ပြည်သူတွေကိုထောက်ပံ့ပါ။ သူတို့နေ့စဉ် ကြုံတွေ့ ရင်ဆိုင်နေတဲ့ ခက်ခဲကြပ်တည်းမှု ပြဿနာကိုကူညီဖြေရှင်း ပေးရင်ရပါပြီ။ စစ်ရေးအကူအညီလာပေးဖို့ မပြောချင်ပါဘူး။ ကျနော် တို့မှာ လူအင်အားလက်နက်အင်အား အလုံအလောက်ရှိပါတယ်။
၉- အာဆီယံတို့ တခြားနိုင်ငံတို့ မြန်မာပြည်ထဲ ရင်းနှီးမြုပ်နှံနေတဲ့အပေါ် ဘယ်လိုပြောချင်ပါသလဲ။
ပြည်သူတွေရဲ့အကျိုးစီးပွါးကိုလျစ်လျူရှုပြီး ကိုယ်ကျိုးစီးပွါးအတွက်ဘဲ မကြည့်ကြပါနဲ့။ ပြည်သူတွေကိုလဲ ကြည့်ပါ။ ကူညီစာနာပါ။ နို့မဟုတ်ရင် မြန်မာစစ်တပ် ကြီးပွါးချမ်းသာအောင် လုပ်ပေးနေတာ၊ တိုင်းရင်းသားတွေကို ဖိနှိပ် ဖို့ကူညီတာနဲ့အတူတူဘဲဖြစ်ပါလိမ့်မယ်။
၁၀-ဒေါ်အောင်ဆန်းစုကြည်ကကော တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်လို့ပြောနိုင်ပါသလား။
သူမဟာ ဒီမိုကရေစီရှိရေးအတွက် ကြိုးစားနေတဲ့ ခေါင်းဆောင်တယောက်ဖြစ်တယ်။ သူမကို လေးစားတယ်။ သနားတယ်။ နောက် ပိုင်း သူဆက်လျှောက် မယ့်လမ်းကတဖြည်းဖြည်း ကျဉ်းကျပ်သွားမှာကိုဘဲစိုးရိမ်တယ်။ တိုင်းရင်းသားတွေကို တိုက်ရိုက်ကိုယ်စား မပြု ပေမယ့် သူမရဲ့လုပ်ဆောင်ချက် ရည်မှန်းချက်တွေဟာ တိုင်းရင်းသားများ ရပိုင်ခွင့်အတွက် လဲပါပါတယ်။
၁၁- အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဝ တပ်ဖွဲ့က ကမ်းလှမ်းတယ်။ သျှမ်းပြည်တပ်မတော်ကော။
ဝ တပ်ဖွဲ့လဲ ဝ တပ်ဖွဲ့ဘဲ။ ကျနော်တို့မပါဘူး။ ကျနော်တို့ သိရမှာက မြန်မာစစ်တပ်က ကျနော်တို့တိုင်းရင်းသား တွေကို ဆွေးနွေးချင်တဲ့ဆန္ဒရှိသလား ဆိုတာဘဲ။
၁၂ - တိုက်ပွဲအခြေအနေကော။(ဗိုလ်မှူးကြီးစိုင်းထူး)
နေ့တိုင်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်။ စစ်ပြေးဒုက္ခသည်တွေလဲ တနေ့ထက်တနေ့ များပြားလာတယ်။ စစ်ရေးဆိုတာကလည်း လတ်တလော ဖြစ်ပေါ်လာတဲ့ အခြေအနေအတိုင်း ဖြေရှင်းရတာဘဲမဟုတ်လား။
၁၃- ထိုင်းထဲရောက်နေတဲ့ သျှမ်းပြည်သူ အသိန်းအသောင်းအတွက် ဘယ်လိုစည်းရုံးဖို့ အကူအညီပေးဖို့ရှိလဲ။
လူမှုကယ်ဆယ်ရေးတွေအတွက် လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ဆက်သွယ်ညှိနှိုင်းထားတယ်။ အကူအညီတောင်းထားတယ်။ ပြည်တွင်းမှာလဲ စစ်မီးက မငြိမ်းသေးတော့ သူတို့လဲ ပြန်လို့မရသေးဘူးလေ။
၁၄- အစိုးရသစ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာချက်အပေါ် ဘယ်လိုမြင်ပါသလဲ။
သူတို့ရဲ့ ယတြာခြေနည်းတခုဘဲလို့မြင်မိတယ်။ တကယ်တော့ ထောင်လုံးကျွတ်အကြွင်းမဲ့လွတ်ပေးသင့်တယ်။ ဗိုလ်နေဝင်းခေတ်တုန်းကလဲ လုပ်ခဲ့သေးတာဘဲ။ သူတို့မှာ တကယ်တရားမျှတ သဘောထားရှိရင်တော့ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသင့်တယ်။
၁၅- သိန်းစိန် အစိုးရသစ်ကို ဘယ်လိုစကားမှာကြားချင်သလဲ။
နိုင်ငံရေးပြဿနာကို စစ်ရေးနည်းနဲ့ မဖြေရှင်းပါနဲ့။ ဒီနိုင်ငံဟာ တိုင်းရင်းသားပြည်နယ် ၈ ပြည်နယ်နဲ့ ပူးပေါင်းထားတဲ့ ပြည်ထောင်စုနိုင်ငံပါ။ ဗမာလူမျိုးတွေဘဲ ပိုင်တဲ့ နိုင်ငံမဟုတ်ပါဘူး။
###########
RCSS/SSA ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ကျင်းပသော ၅၃ နှစ်မြောက် သျှမ်းပြည် ပြည်သူများ ခုခံတော်လှန်ရေး နေ့အခမ်းအနားသို့တက်ရောက်သည့် စစ်ရေးပြတပ်မတော်သားများနှင့် ပရိတ်သတ် စုစုပေါင်း အင်အား ၃ ထောင် ခန့်ရှိကြောင်းသိရသည်။
အဖက်ဖက်နစ်နာမှုအပေါ် မခံမရပ်နိုင်ကြသည့်အတွက် စဝ်နွဲ့စောယန္တ ဦးဆောင်သည့် သျှမ်းမျိုးချစ်လူငယ် ၃၁ ယောက်ပါ၀င်သော နွံစစ်ဟန်တပ်ဖွဲ့ ၁၉၅၈ မေလ ၂၁ ရက်နေ့ မိုင်းတုံမြို့နယ်သံလွင်အရှေ့ခြမ်း နမ့်ကျွက် ချောင်း ဘေး တောတွင်း တစ်နေရာ၌ သျှမ်းပြည်လွတ်လပ်ရေးအတွက် နယ်ချဲ့ဗမာတပ်ကို တွန်းလှန်တိုက် ခိုက်မောင်း ထုတ်မည်ဟုသွေးသစ္စာ ရေသောက်ခဲ့ကြပြီးတော်လှန်ရေးသမိုင်း ပထမစာမျက်နှာစဖွင့်ခဲ့ကြသည်။
အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်ရေးရည်မှန်းချက်များအတွက် သျှမ်းစော်ဘွားများ၊ ချင်း၊ ကချင်၊ သျှမ်းတိုင်းရင်းသားခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ၁၉၄၇ ပင်လုံ ညီလာခံကြီး၌ ပင်လုံ စာချုပ် လက်မှတ်ရေးထိုးခဲ့ကြသော်လည်း မဟာဗမာအစိုးရအဆက်ဆက်ကပင်လုံ သဘောတူညီချက် ကိုကြောခိုင်း ပစ်ပယ်ခဲ့ကြသောကြောင့်မြန်မာ့နိုင်ငံရေးပြဿနာယနေ့တိုင်မဖြေရှင်း နိုင်သေးခြင်းဖြစ်သည်။