သျှမ်းလက်နက်ကိုင်နှင့် ပတ်သက်သူများအား မွှေနှောက်ဖမ်းဆီးနေ

သျှမ်းလက်နက်ကိုင်နှင့် ပတ်သက်သူများအား မွှေနှောက်ဖမ်းဆီးနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင်အတွင်း၌ သျှမ်း လက်နက်ကိုင်တပ်နှင့်ပတ်သက်သည်ဟု သင်္ကာမင်းခံ သူများအား အာဏာပိုင်များက ယမန် နေ့မှယနေ့ အထိ ၂ရက်ဆက်တိုက်ရှာဖွေဖမ်းဆီး ရာယခင်သျှမ်း တပ်နှင့်ဆက်နွယ်ခဲ့ဖူးသူ တစ်ဦး ယမန်နေ့ ညနေ ၅ နာရီခန့်က အဖမ်းခံခဲ့ရကြောင်း သိရသည်။

SSPP
မူစယ်မြို့နယ် မန့်ဟောင်းလွယ်ရွာသား စိုင်းအောင်သန်း ဆိုသူအား ရဲများက ၎င်း၏နေအိမ်အထိလာရောက် ဖမ်းဆီးခဲ့ ကြောင်း ၎င်း၏ မိသားစုနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သူကဓါတ်ဆီနဲ့ကုန်စုံဆိုင်ဖွင့်ထားတယ်။ ပထမရဲတစ်ယောက် ဆိုင်ကယ်နဲ့သူ့အိမ်ရောက်လာတယ်ဓါတ်ဆီ ဖြည့်မယ် ဆိုပြီးပြောတော့ ဓါတ်ဆီလာဖြည့်ပေးတုံး ချက်ခြင်းပဲ တစ်ခါတည်းလက်ထိပ်ခတ်လိုက်တယ် ရဲကား ၂ စီးထပ်ရောက် လာတယ် သူ့မိန်းမနဲ့ ကလေး ဓါတ်ပုံတွေလဲသိမ်းသွားတယ်၊သူ့ကိုလဲခေါ်သွားတယ်၊ ဘာကြောင့်ဖမ်းလဲတော့ မသိရဘူး” ဟု နီးစပ်သူက ပြောသည်။

စိုင်းအောင်သန်းသည် ယခင် သျှမ်းပြည်အမျိုးသားတပ်မတော် SSNA အဖွဲ့ရှိစဉ်အခါက လုပ်ငန်းအချို့ကူညီ လုပ်ကိုင်ပေးခဲ့ဖူး သော်လည်း ယခု လက်နက်ကိုင်များနှင့် ပတ်သက်မှုရှိမရှိ မသိရကြောင်းသူကဆက် ပြောသည်။

SSNA မှာ နဝတစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ၂၀၀၅ အတွင်းက စစ်အစိုး ရ၏ လက်နက်ချရန် အကြပ်ကိုင် ဖိအားပေးမှုကြောင့် SSNA တပ်အချို့ လက်နက်ချ၍ အချို့မှာ စစ်အစိုးရ နှင့် တိုက်ခိုက်နေသည့် SSA (တောင်ပိုင်း)အဖွဲ့ နှင့် ပူးပေါင်းသွားသည်။

ယနေ့ နောင်သှဲျန်နှင့် မန့်လင်ရွာများ၌ သျှမ်းတပ်နှင့်ဆက်နွယ်သူများအား ရှာဖွေမှုများ ဆက်တိုက်ပြုလုပ် နေကြောင်း၊ သျှမ်းတပ်လူဟောင်း အချို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း ဒေသခံနောက်တစ်ဦးက ပြောသည်။

“ဒီကနေ့ နောင်သျှန်နဲ့ မန့်လင်ရွာမှာ မွှေနေတယ်၊ လားရိူးကနေလာပြီး ဖမ်းဆီးနေတာ၊ သျှမ်းအဖွဲ့လက်ကျန် လူဟောင်းတွေ ထွက်ပြေးကုန်ပြီ၊ SSA တပ်လှုပ်ရှားမှုတွေလည်း ဒီဘက်အထိရှိလာလို့အရင်လူဟောင်း တွေကို ဆွဲတာ၊ အရင်အဖမ်းခံရတဲ့ သူတွေဆီက ရထားတဲ့စာရင်းတွေ ရှိတယ်တဲ့။

တချို့လဲမိန်းမတွေကလေးတွေပါ ရှောင်နေရတယ်။ သူတို့က မိန်းမတွေကိုပါ ရှာနေတာ” ဟု သူက ဆိုသည်။ ပြည်သူ့စစ်လုပ်ရန်ငြင်းဆန်းမှုကြောင့် ကျေးသီးမြို့နယ် ဝမ်ဟိုင်း အခြေစိုက် ဗိုလ်ချုပ်ပန်ဖဦးဆောင်သော SSA မြောက်ပိုင်းတပ်ဖွဲ့နှင့် စစ်အစိုး တပ်တို့ အကြား ယခုနှစ်လပိုင်းမှစ၍ နှစ်ဘက်တိုက်ပွဲများ စတင်ခဲ့ရာယခုနှစ် အတွင်း ပထမဆုံး အကြိမ် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဖမ်းဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်သည်။

ယခုအခါ သျှမ်းတပ်များ နေရာအနှံ့ ဖြန့်ကျက်နေရာယူလာသဖြင့် နမ့်ခမ်းမြို့နယ်အတွင်း မြန်မာစစ်တပ် လှုပ်ရှားမှု ပိုမိုများ ပြားလာကြောင်း အနှစ် ၂၀ ကျော်ငြိမ်သက်နေသည့်ဒေသအတွင်းလက်နက်ကိုင်ပဋိပက္ခ များ ကူးစက်လာနိုင်ကြောင်း စစ်ရေးလေ့လာသူ အချို့သုံးသပ်ကြသည်။