ဝ တပ်ဖွဲ့ကားအား မြန်မာစစ်တပ်ပစ်ခတ် ဝ စစ်သား တယောက်သေ

ဝ တပ်ဖွဲ့ကားအား မြန်မာစစ်တပ်ပစ်ခတ် ဝ စစ်သား တယောက်သေ
by -
သျှမ်းသံတော်ဆင့်

တောင်ပိုင်း ဝ တပ်ဖွဲ့စီးနင်းလာသော ကားအား မြန်မာ စစ်တပ်က ပစ်ခတ်တိုက်ခိုက်သဖြင့် ဝတပ်သား တဦးသေဆုံးခဲ့ကြောင်းနယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

Mong_tar“ ၅ ရက်နေ့ မနက် ၅ နာရီ ၆ နာရီလောက်က မိုင်းထား၊ မိုင်းကျွတ်ဖက်လှုပ်ရှားနေတဲ့ မြန်မာစစ်ကြောင်းက တောင်ပိုင်း စစ်ဒေသ ၁၇၁  ဝ တပ်ဖွဲ့ စီးလာတဲ့  ဖိုးဝှီးကားကို ချောင်းပစ်တာ။ ဝ တပ်သားတယောက် သေတယ်။ ကားပေါ်မှာ ၄-၅ ယောက် ပါတယ်လို့ပြော တယ်။ အဲ့ဖက်မှာ လှုပ်ရှားနေတာ ခမရ ၅၁၉ ခလရ ၂၂၅ လေ” ဟု မိုင်းကျွတ်ဒေသခံတဦး ကပြောသည်။

မိုင်းထား (မြို့နယ်ခွဲသစ်) လွယ်မွန်တပ် မှ မိုင်းကျွတ်သို့တက်သွားမည့် ဝ တပ်ဖွဲ့ဖြစ်ပြီး နမ့်လင်းရွာအနီး၌ ပစ်ခတ် ခံရပြီး နောက်တရက်  ဝ တပ်ဖွဲ့က မြန်မာစစ်တပ်ထံ တိုင်ကြားရာပုံပါကျင်ဗျူဟာမှူးပြောင်း ပေးလိုက်ရ သည်အထိ ဖြစ် ကြောင်းလည်း ပုံပါကျင် ဒေသခံတဦးကပြောသည်။

“ဟုတ်တယ်။ အခု ဗျူဟာမှူး သစ် လေ။  ဒီဗျူဟာမှူးက အရင်တုန်းကလဲ ဒီမှာထိုင်ဖူး တယ်။ပြောင်းသွားတဲ့ ဗျူဟာ မှူးဗိုလ်မှူးကြီး ထွန်းထွန်းအောင်ကလဲ ဒီကိစ္စ မြန်မာစစ်တပ်ဖက်က မှားကြောင်း သူဝန်ခံတယ်။ ဒါပေမယ့် လျော်ကြေး ပေးတာဘာမှမရှိဘူး။ ဝ တပ်ဖွဲ့ဖက်ကလဲ ဘာမှထပ်မပြောတော့ဘူး။ သူ့ဖက်က ပစ်တာခတ်တာမလုပ်ချင်တာလဲ ဖြစ်နိုင်တာပေါ့ ” ဟု  နယ်စပ်ရောက်အဆိုပါပုံပါကျင်ဒေသခံကပြောပါ သည်။

၎င်းနှင့်ပတ်သက်၍ ထိုင်းနယ်စပ်နေ လူလတ်ပိုင်း သျှမ်း- တရုတ် အမျိုးသား တဦးက အလားတူမှတ်ချက်ချ ခဲ့ပါ သည်။

“ဝ တပ်ဖွဲ့ဖက်ကတော့ မြန်မာအစိုးရသစ်နဲ့ ဆွေးနွေးချင်တာက အဓိကဖြစ်နေတော့ ပစ်ဖို့ ခတ်ဖို့ မလိုလား ပါဘူး။ ဒါကြောင့် ဘာဘဲဖြစ်လာဖြစ်လာ သူ့ဖက်ကကျေနပ်လိုက်ရတာများတယ်။ ဥပမာမနှစ်က အောက်တိုဘာလက မဲ့ကဲင်း မှာဖြစ်တဲ့ကိစ္စ ကြည့်ပါလား ခမရ ၅၁၉ က ဝတပ်ကို ဝင်တိုက်တယ်။ ဝ ဖက်က ၂ ယောက်သေ တယ်။ ၁ ယောက် ကိုအရှင်ဖမ်းသွားပြီး သေတဲ့အထိရိုက်နှက်တယ်။နောက်ပိုင်း တော့ ဝ တပ်ဖွဲ့ နဲ့ တိုက်ပွဲ ဖြစ်တာ လားဟူပြည်သူ့စစ် ပါ။ မြန်မာစစ်တပ်မဟုတ်ပါဘူးဆိုပြီးလိမ်ညာ ဖြေရှင်းတော့လဲ ဝ တပ်ဖွဲ့ကကျေနပ် ခဲ့ရတာဘဲ ။ အခုလဲ မြန်မာ အစိုးရသစ်နဲ့ ဆွေးနွေးခွင့်ရနိုးနိုးနဲ့ သမ္မတသစ် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ထောက်ခံ ကြိုဆိုကြောင်း  ဝ တပ်ဖွဲ့ ကကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သေးတယ်လို့ သတင်းကြားနေရတယ်’’ ဟု ပြောပါသည်။

စစ်ရေးနည်းနှင့်နိုင်ငံရေးပြဿနာဖြေရှင်းလျှင်အကျိုးမရှိဟု ခံယူထားသည့် ဝ ပြည်သွေးစည်းရေး တပ်မတော်က အာဏာရ အစိုးရသစ်နှင့် နိုင်ငံရေးစကားဝိုင်း၌ တွေ့ဆုံဆွေးနွေးဖို့ ယခုလဆန်းပိုင်း၌ ကမ်းလှမ်းထား သည့် အပြင်၊ ဒီမိုကရေစီအရေး၊ နယ်စပ်တိုင်းရင်းသားအရေး နှင့်ဆိုင်သည့်သမ္မသစ် ဦးသိန်းစိန်၏ပြောကြားချက်ကို လည်း ထောက်ခံကြို ဆို ကြောင်း ပြီးခဲ့သည့် အပတ်ကကြေငြာချက် ထုတ်ပြန်ခဲ့ပါသေးသည်။